တစ်ခါသုံးသန္ဓေတားဆေးတွေသုံးရင် ဝလာနိုင်သလား

does-taking-contraceptive-pills-before-and-after-sex-avoid-pregnancy.png

တစ်ခါသုံးသန္ဓေတားဆေးတွေက ဝလာစေနိုင်သလားဆိုတဲ့ မေးခွန်းတွေက ဒီဆေးဝါးကို သုံးစွဲကြတဲ့သူတော်တော်များများ မေးလေ့ရှိတဲ့မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဖြေရမယ်ဆိုရင်တော့ တစ်ခါသုံးသန္ဓေတားဆေးတွေသုံးလို့ ဝလာတဲ့ မိန်းကလေးအရေအတွက်ဟာ ရှားပါတယ်။ ဒါပေမဲ့ တချို့သောမိန်းကလေးတွေကတော့ တစ်ခါသုံးသန္ဓေတားဆေးကို စတင်သုံးစွဲတဲ့အခါ ဝလာကြောင်းပြောဆိုကြပါတယ်။ ဒါဟာ ခန္ဓာကိုယ်တွင်းက အရည်ဓာတ်တချို့ကို ထိန်းသိမ်းထားရတာကြောင့် (fluid retention) ဖြစ်တဲ့ ယာယီ ဘေးထွက်ဆိုးကျိုး (Side effect) တစ်ခုမျှသာဖြစ်ပြီး အဆီပိုတွေမဟုတ်ပါဘူး။

စစ်တမ်းပေါင်း (၄၄) ခုရဲ့ လေ့လာချက်အရ တစ်ခါသုံးသန္ဓေတားဆေးတွေသုံးလို့ ဝလာတယ်ဆိုတဲ့ သက်သေအထောက်အထားမရှိဘူးလို့သိရပါတယ်

စစ်တမ်းပေါင်း (၄၄) ခုရဲ့ လေ့လာချက်အရ တစ်ခါသုံးသန္ဓေတားဆေးတွေသုံးလို့ ဝလာတယ်ဆိုတဲ့ သက်သေအထောက်အထားမရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့ တစ်ခါသုံးသန္ဓေတားဆေးတွေကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်မယ်ဆိုရင်တော့ မိန်းကလေးတွေဟာ အနည်းငယ်ပိုမိုဝလာနိုင်ပြီး (၂) လ ကနေ (၃) လအတွင်းမှာ ပြန်ပိန်သွားနိုင်ပါတယ်။ တကယ်လို့ သင်ဟာ တစ်ခါသုံးသန္ဓေတားဆေးသုံးစွဲပြီးလို့ ဝလာတဲ့မိန်းကလေးအနည်းငယ်ထဲမှာ ပါနေတယ်ဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပါ။ ဆရာဝန်က သင့်ကို တခြားတစ်ခါသုံးသန္ဓေတားဆေးပြောင်းသုံးဖို့ အကြံပေးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါသုံးသန္ဓေတားဆေးအားလုံးက တစ်မျိုးနဲ့ တစ်မျိုးမတူကြလို့ပါ။

ဘေးထွက်ဆိုးကျိုး ဖြစ်မယ်ဆိုရင်တော့ အနည်းငယ်ပိုဝလာနိုင်ပြီး (၂) လ ကနေ (၃) လအတွင်းမှာ ပြန်ပိန်သွားနိုင်ပါတယ်

တစ်ခါသုံးသန္ဓေတားဆေးအမျိုးအစားဟာ (၂) မျိုးရှိပါတယ်

ပထမတစ်ခုကတော့ Estrogen လို့ခေါ်တဲ့ အမျိုးသမီးလိင်ဟော်မုန်းနဲ့ Progestin လို့ခေါ်တဲ့ သားအိမ်တွင်းပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ ဟော်မုန်း (၂) ခုလုံးပါဝင်တဲ့ ဆေးဖြစ်ပြီး ဒုတိယတစ်မျိုးက Progestin သာပါဝင်တဲ့ ဆေးမျိုး ဖြစ်ပါတယ်။ တစ်ခါသုံးသန္ဓေတားဆေးအများစုဟာ အီစထရိုဂျင်ဟော်မုန်း အမျိုးအစားတူကိုသာအသုံးပြုလေ့ရှိပြီး တစ်ခါသုံးသန္ဓေတားဆေးတွေရဲ့ သက်ဆိုင်ရာ တံဆိပ်တွေအရ progestin အမျိုးအစားကတော့ ကွဲပြားသွားနိုင်ပါတယ်။ ဒီတော့ အကျိုးဆက်က ဆေးတစ်မျိုးနဲ့ တစ်မျိုးရဲ့ ဘေးထွက်ဆိုးကျိုးတွေ မတူကြတော့ပါဘူး။ ဒါကြောင့် ဘယ်လို ဆေးအမျိုးအစားကိုပဲသုံးသုံး ဘေးထွက်ဆိုးကျိုးတွေသိလာအောင် အနည်းဆုံး (၃) လအထိတော့ သုံးစွဲသင့်ပါတယ်။

လွန်ခဲ့တဲ့ နှစ် (၅၀) လောက်က ဆေးတွေဟာ မိန်းကလေးတွေကို တကယ်ဝလာစေနိုင်ပါတယ်

ဒီနေ့ခေတ် တစ်ခါသုံးသန္ဓေတားဆေးတွေက မတူတော့ပါဘူး

တစ်ခါသုံးသန္ဓေတားဆေးတွေကို ၁၉၆၀ ခုနှစ်အစောပိုင်းမှာ စတင်ရောင်းချခဲ့တုန်းက ဒီဆေးတွေမှာ estrogen နဲ့ progestin ဟော်မုန်းတွေ အများအပြားပါဝင်ခဲ့ပါတယ်။ estrogen ဟော်မုန်းများတဲ့အခါ အစားစားချင်စိတ်ဖြစ်ခြင်းနဲ့ အရည်ဓာတ်ထိန်းသိမ်းရခြင်းကြောင့် (fluid retention) ခန္ဓာကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ် (၅၀) လောက်က ဆေးတွေဟာ မိန်းကလေးတွေကို တကယ်ဝလာစေနိုင်ပါတယ်။ ဒီကနေ့ခေတ် တစ်ခါသုံးသန္ဓေတားဆေးတွေမှာတော့ estrogen နဲ့ progestin ဟော်မုန်းတွေ အဲဒီလောက်အထိ မပါဝင်တော့ပါဘူး။ ဒါကြောင့် ဒီဆေးတွေကြောင့် ကိုယ်အလေးချိန်တက်လာနိုင်ချေ တော်တော်လေးနည်းပါးပါတယ်။

Ref: Hello ဆရာဝန်
ရေးသားသူ – Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top