ကပ်ရောဂါအတွင်း အသီးအနှံတွေ စိုက်ပျိုးရောင်းချပြီး ရန်ပုံငွေရှာနေတဲ့ ဗီယက်နမ်က တိရစ္ဆာန်ရုံ

24-8-2020-yyl-024.jpg

ကပ်ရောဂါအတွင်းမှာ တိရစ္ဆာန်ရုံတွေကို လာရောက်လည်ပတ်တဲ့ သူမရှိတဲ့အတွက် ဗီယက်နမ်နိုင်ငံရဲ့ သက်တမ်းအကြာဆုံးတိရစ္ဆာန်ရုံ the Saigon Zoo and Botanical Gardens က ရပ်တည်နိုင်ဖို့နဲ့ တိရစ္ဆာန်တွေကို ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ အသီးအနှံတွေစိုက်ပျိုးရောင်းချကာ ရန်ပုံငွေရှာနေပါတယ်။ ဗီယက်နမ်က နှစ်ပေါင်း (၁၅၀) ကျော်ပြီဖြစ်တဲ့ အဲဒီတိရစ္ဆာန်ရုံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့တဲ့အတွက် မတ်လမှာ လာရောက်လည်ပတ်သူ အရေအတွက်က တစ်စတစ်စလျော့ပါးသွားခဲ့ပါတယ်။ အဲဒီနောက် ဧပြီလနဲ့ မေလတွေမှာ Lockdown ကြောင့် လုံးဝပိတ်ပစ်ခဲ့ရပါတယ်။

ပြင်သစ်ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ တိရစ္ဆာန်ရုံက တိရစ္ဆာန် (၁၄၀၀) ကျော်ကို ကျွေးမွေးတာအပါအဝင် တစ်နေ့ကို ဒေါ်လာ (၇၇၄၀) ကုန်ကျခံရပါတယ်။ “ကပ်ရောဂါကြီး ဘယ်တော့အဆုံးသတ်မလဲ မသိတဲ့အတွက် ကျွန်တော်တို့ ဝင်ငွေရဖို့ ကြိုးစားနေရပါတယ်”လို့ the Saigon Zoo and Botanical Gardens ရဲ့အကြီးအကဲ ဖဟန်ဘန်တန်က ပြောပါတယ်။ ပုံမှန်ဆိုရင် လက်မှတ်ရောင်းချမှုကနေ နှစ်စဉ်ဝင်ငွေ ဒေါ်လာ (၅) သန်းရအောင် လုပ်နိုင်ခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ဝန်ထမ်းတွေကိုလည်း လစာ (၃၀) ရာခိုင်နှုန်းဖြတ်ထားပါတယ်။

အခုဆိုရင် တိရစ္ဆာန်ရုံက ဝင်ငွေရဖို့အတွက် အသီးအနှံ၊ ပန်းတွေစိုက်ပျိုးရောင်းချတာ၊ အိမ်ပိုင်ရှင်တွေအတွက် ပန်းဥယျာဉ်ဒီဇိုင်းပြင်ပေးတာ၊ လယ်သမားတွေကို မြေသြဇာ ရောင်းချတာတွေ ပြုလုပ်နေကြပါတယ်။ “ကျွန်တော်တို့ တိရစ္ဆာန်တွေအတွက် အစားအစာ ထောက်ပံ့ဖို့ကတော့ သေချာနေပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်များတဲ့ ရာသီစာနဲ့ သူတို့ကို ထောက်ပံ့ကျွေးမွေးဖို့ ကြိုးစားရပါတယ်”လို့ ဖဟန်က ပြောပါတယ်။ အသီးအနှံ စိုက်ပျိုးရောင်းချတာ အပါအဝင် အခြားအရာတွေနဲ့ ရန်ပုံငွေရှာတာ နှစ်ရက်အတွင်းမှာ ဒေါ်လာ (၁၀၀,၀၀၀) ကျော်ရရှိခဲ့တဲ့အပြင် အစားအစာ (၂၅) တန်ချိန်ကိုလည်း တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေအတွက် လှူဒါန်းခဲ့ကြပါတယ်။

တိရစ္ဆာန်ရုံကို လာရောက်လည်ပတ်သူ အရေအတွက်က တဖြည်းဖြည်းနဲ့ တစ်နေ့ကို (၁၄၀၀) ဝန်းကျင်ရှိပါတယ်။ ဒါပေမဲ့ ကပ်ရောဂါက မတိုင်ခင်က တစ်နေ့ကို အရေအတွက် (၁၂,၀၀၀) ရှိပါတယ်။ “လူအရေအတွက်အများကြီး မဟုတ်တဲ့အတွက် အခုအချိန်က လာလည်လို့အကောင်းဆုံးအချိန်ပဲ”လို့ ထုတ်လုပ်ရေးမန်နေဂျာ ငုယန် သင်ကွေက ဆိုပါတယ်။

Ref: Reuters “Vietnam zoo turns to donations, growing food to survive pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top