မဲခေါင်မြစ်ဝန်းဘေးက ငါးသောင်းချီ ပျော်စံရာအိမ်

2-12-2022-yyl02.jpg

မဲခေါင်မြစ်ဝန်းမှာ နေထိုင်တဲ့ ဗီယက်နမ်နိုင်ငံသား မော်အီဖုရဲ့ အိမ်က ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုပဲ။ မော်အီဖုက သူ့အိမ်ဘေးမှာ ငါးတွေကို အစာကျွေးလာတာ နှစ်နဲ့ချီနေပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ငါးအရေအတွက်က ပိုပိုများလာခဲ့တာ အခုဆိုရင် မော်အီဖုရဲ့အိမ်ဘေးမှာ အစာလာစားတဲ့ ငါးအရေအတွက် ထောင်ချီ ရှိနေပါပြီ။

မော်အီဖုက ဘဲမွေးမြူရေးသမားပါ။ ၂၀၂၀ ပြည့်နှစ် ဗီယက်နမ်နှစ်သစ်ကူးနေ့မှာတော့ မော်အီဖုက သူ့အဘိုး၊ အဘွားတွေအတွက် ထမင်းချက်နေရင်း ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ချိန်မှာ ငါးတွေ ပါးစပ်ဟပြီး ရေပေါ်မှာရှိနေတာ တွေ့ခဲ့တယ်။ ငါးတွေရဲ့ပုံစံက အစာတောင်းနေသလိုပဲ။ မော်အီဖုက ဘဲစာ လက်တစ်ဆုပ်လောက် နှိုက်ပြီး ငါးတွေကို ပက်ကျွေးခဲ့တာပါ။ နောက်နေ့ ကျတော့လည်း ငါးတွေ ထပ်ရောက်လာပြန်လို့ မော်အီဖုက ဘဲစာ ထပ်ကျွေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူ့အိမ်ဘေးကို ငါးတွေ နေ့တိုင်း ရောက်လာတာပါ။

ငါးတန်း၊ ငါးခူ၊ ငါးရံ့ အစရှိသဖြင့် ငါးအမျိုးအစားကလည်း စုံပါတယ်။ အဲဒီငါးတွေ ဘယ်က ရောက်လာကြသလဲဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။ အဲဒီဒေသတစ်ဝိုက်မှာ ငါးကန်ကနေ ငါးတွေ လွတ်သွားတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးလည်း မရှိပါဘူး။ ငါးတွေ အရမ်းများလာလို့ မော်အီဖုကလည်း တစ်လကို ငါးစာ တန်ချီ ဝယ်ယူရပါတယ်။ ငါးစာအတွက် ကုန်ကျစရိတ် များလို့ မော်အီဖုက တစ်ခါတလေ သူများတွေလှူထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ ငါးစာလုပ်ကာ ကျွေးရပါတယ်။

သူ့အတွက် စိတ်မကောင်းဖြစ်စေတာကတော့ ငါးပိုက် လာချသူတွေ၊ ငါးဖမ်းသင်္ဘောတွေရဲ့ ရန်ကို စိုးရိမ်နေရတာပါပဲ။ အဲဒီလိုကြုံတိုင်းလည်း ငါးတွေကို မဖမ်းပါနဲ့လို့ တောင်းပန်ရုံမှတပါး တခြားမရှိဘူးလို့ မော်အီဖုက ဆိုပါတယ်။

Ref:Vietnamese Man Has a School of Wild River Fish for a Pet

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top