အလုပ်ဆင်းချိန်တိုင်း ၈ မိုင်ပြေးပြီး အိမ်ပြန်လေ့ရှိတဲ့ အိန္ဒိယလူငယ်

21-3-2022-yyl06.jpg

အလုပ်ဆင်းရင် ၈ မိုင်အကွာအဝေးအထိပြေးပြီး အိမ်ပြန်လေ့ရှိတဲ့ အိန္ဒိယလူငယ်တစ်ယောက်ရဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုသူ ၉ သန်းနီးပါးအထိ ရှိခဲ့ပါတယ်။ ၁၉ နှစ်သား ပရာဒိမာရာဟာ ဒေလီမြို့စွန်မှာရှိတဲ့ နွိုင်ဒါမြို့ မက်ဒေါ်နယ်ဆိုင်မှာ အလုပ်လုပ်သူပါ။ ပြီးခဲ့တဲ့ စနေနေ့ညက ညဆိုင်း အလုပ်ဆင်းပြီး အိမ်ကို အပြေးပြန်နေချိန်မှာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ ဗီနော့ကာပရီက သူ့ကို တွေ့သွားခဲ့ပါတယ်။

ကျောပိုးအိတ်လွယ်ပြီး ပြေးနေတဲ့ ပရာဒိကိုတွေ့တော့ ကာပရီက အခက်အခဲ တစ်ခုခု ကြုံနေတယ်လို့ ထင်သွားခဲ့တာပါ။ အဲဒါနဲ့ ကားကြုံလိုက်စီးဖို့ ခေါ်တဲ့အခါမှာတော့ ပရာဒိရဲ့ အံ့အားသင့်စရာ အကြောင်းရင်းကို သိရှိသွားခဲ့ပါတယ်။ ပရာဒိက အိန္ဒိယစစ်တပ်မှာ အမှုထမ်းချင်သူပါ။ ဒါပေမဲ့ ရောဂါသည်အမေကို ရှာဖွေကျွေးမွေးဖို့ အလုပ်လုပ်နေရလို့ သူ့မှာ လေ့ကျင့်ခန်းလုပ်ချိန် မရှိပါဘူး။ ဒါကြောင့် ကြံ့ခိုင်သန်စွမ်းမှု ပြည့်ဝနေအောင် လေ့ကျင့်တဲ့အနေနဲ့ ညဘက် အလုပ်ဆင်းချိန်တိုင်း ၈ မိုင်အကွာအဝေးပြေးပြီး အိမ်ပြန်လေ့ရှိပါတယ်။

ပရာဒိဟာ သူ့အစ်ကိုနဲ့အတူ နွိုင်ဒါမြို့မှာ နေထိုင်သူပါ။ သူ့အမေနဲ့အဖေကတော့ ဥတ္တရာခန်းပြည်နယ်မှာ နေကြပါတယ်။ သူ့အမေက နာမကျန်းဖြစ်နေလို့ သူ့အဖေက ပြုစုပေးနေရတာပေါ့။ ပရာဒိတို့ ညီအစ်ကို ၂ ယောက်လုံး အလုပ်လုပ်ကြတယ်။ ပရာဒိက မနက်စောစောထပြီး ထမင်း၊ ဟင်းချက်ရတယ်။ ပြီးရင် အလုပ်ကို လာတယ်။ မနက်ပိုင်းမှာတော့ အချိန်မရလို့ သူ မပြေးဘူး။ အလုပ်ဆင်းရင်တော့ အိမ်ကို ပြေးပြီး ပြန်တယ်။

ကာပရီက လမ်းကြုံလိုက်ပို့မယ်လို့ ခေါ်ပေမဲ့ ပရာဒိက ကားကြုံလိုက်စီးရင် သူ့ရဲ့နေ့စဉ်လေ့ကျင့်ခန်း ပျက်သွားမှာစိုးလို့ ကားလိုက်မစီးခဲ့ပါဘူး။ ညစာလိုက်စားဖို့ခေါ်တော့လည်း သူတို့ညီအစ်ကို ၂ ယောက်စာ ဟင်းချက်ရဦးမယ်၊ ကျွန်တော် ညစာလိုက်စားရင် အစ်ကို တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်၊ မစားတော့ဘူး။ အစ်ကိုကလည်း ညဆိုင်း ဆင်းနေရတာဆိုပြီး ငြင်းဆန်ခဲ့ပြန်ပါတယ်။

” ဒီဗီဒီယိုဖိုင်က ပျံ့နှံ့သွားမှာနော်” လို့ ကာပရီက ပြောချိန်မှာလည်း ပရာဒိက ” ကျွန်တော့်ကို ဘယ်သူ မှတ်မိမှာလဲ။ ကိစ္စမရှိပါဘူး။ ကျွန်တော် ဘာအမှားမှ လုပ်မထားဘူးလေ” လို့ ခပ်ပြုံးပြုံး တုံ့ပြန်သွားခဲ့ပါတယ်။

Ref: BBC “Vinod Kapri video: Indian army aspirant’s midnight run goes viral”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top