ဖန်လိုမျိုး ကြည်လင်နေပြီး ဖောက်ထွင်းမြင်နေရတဲ့ ရှားပါးရေဘဝဲ

21-10-2022-yyl-04.jpg

အဏ္ဏဝါလောကက ကျွန်တော်တို့မသိသေးတဲ့အရာများစွာရှိနေသေးတာကြောင့် အံ့ဩစရာတွေ အပြည့်ပါပဲ။ သမုဒ္ဒရာရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ယနေ့အထိ မစူးစမ်းရသေးပါဘူး။ နှစ်တိုင်း မျိုးစိတ်အသစ်တွေကို တွေ့ရှိနေရပါတယ်။ တချို့ရေသတ္တဝါတွေက လျှို့ဝှက်ဆန်းကြယ်နေတုန်းပါပဲ။ မကြာသေးခင်က ဒီရေသတ္တဝါတစ်ကောင်ရဲ့ဗီဒီယိုက လူမှုကွန်ယက်အသုံးပြုသူတွေကို တအံ့တဩဖြစ်စေခဲ့ပါတယ်။

အဲဒီဗီဒီယိုမှာ လုံးဝဖောက်ထွင်းမြင်နေရတဲ့၊ ဖန်လိုမျိုး ကြည်လင်နေတဲ့ ရေဘဝဲတစ်ကောင်ကို ပြထားပါတယ်။ ရှားပါးရေဘဝဲမျိုးစိတ် (Glass Octopus) က ဖောက်ထွင်းမြင်နေရတဲ့ ခန္ဓာကိုယ်မှာ အဝါရောင်အစက်အပြောက်တွေပါပြီး အပြာရောင်သမုဒ္ဒရာရေထဲမှာ မျောလွင့်နေတာ မြင်ရပါတယ်။

The Schmidt Ocean Institute အဖွဲ့အစည်းရဲ့သုတေသနသင်္ဘော Folkor နဲ့ လိုက်ပါခဲ့တဲ့ စူးစမ်းလေ့လာရေးအဖွဲ့က ဒီဗီဒီယိုကို ပြီးခဲ့တဲ့နှစ်က မှတ်တမ်းတင်ရိုက်ကူးခဲ့တာပါ။ The Oxygen Project တွစ်တာအကောင့်က ဒီဗီဒီယိုကို WorldOctopusDay အတွက် ပြန်တင်ခဲ့တာဖြစ်ပြီး “Glass Octopus (သိပ္ပံနာမည်-Vitreledonella richardi) ကို ကမ္ဘာတစ်ဝှမ်းက အပူပိုင်းဒေသနဲ့ အပူလျော့ပိုင်းဒေသရှိ သမုဒ္ဒရာရေထဲမှာ တွေ့ရတဲ့ ရှားပါးသတ္တဝါပါ။ ဒီလှပတဲ့သတ္တဝါတွေကို နေရောင်ခြည်မရောက်နိုင်တဲ့ သမုဒ္ဒရာရေနက်ပိုင်းမှာ တွေ့ရှိရပါတယ်”လို့လည်း ရေးသားထားပါတယ်။

ဒီဗီဒီယိုကို ကြည့်ရှုခဲ့သူတွေက ရေနေသတ္တဝါရဲ့အလှတရားကြောင့် အံ့ဩမင်သက်ခဲ့ကြရပါတယ်။ဖန်လိုမျိုးကြည်လင်နေတဲ့ ရေဘဝဲတွေကို ၁၉၈၁ ခုနှစ်အထိ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါဘူး။ ဒီရေဘဝဲက အကြမ်းဖျင်းအားဖြင့် လက် (၈) ချောင်းနဲ့ ဘိုးလင်းပင်တံအရွယ်အစား (၄၅ စင်တီမီတာ၊ ၁.၅ ပေ) လောက်ရှိပါတယ်။ သမုဒ္ဒရာအနက်ပိုင်းမှာ နေထိုင်တဲ့ အခြား Cephalopods မျိုးစိတ်တွေနဲ့ ယှဉ်ရင် အလွန်သေးငယ်တဲ့ရေဘဝဲပါ။

ဗီဒီယိုကြည့်ရှုရန်

Ref: Glass Octopus: Viral Video Of This Stunning Creature Has The Internet Mesmerised

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top