မက္ကဆီကိုနိုင်ငံရဲ့ ဆင်းရဲသားရပ်ကွက်မှာ မွေးဖွားလာခဲ့တဲ့ ဆန်းချက်ဇ်ဟာ ကလေးဘဝကတည်းက အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ အလုပ်ကြမ်းလုပ်ရင်း ကျောင်းတက်တယ်။ နောက်တော့ ကျောင်းက ထွက်ရတယ်။ ဆေးစွဲသွားတယ်။ ချမ်းသာကြွယ်ဝချင်စိတ် ကြီးတဲ့ အမေရိကန်တွေကြားမှာ သူ မပျော်ဘူး။ ဒီတော့ မက္ကဆီကိုကို ပြန်ပြောင်းလာတယ်။ ဒါပေမဲ့ မူးယစ်ဆေးစွဲဖူးသူတွေကို လူ့အဖွဲ့အစည်းရဲ့ ပြဿနာလို့ သတ်မှတ်မှုတွေနဲ့ သူ ကြုံတယ်။ သူ့ကို ဘယ်သူကမှ လိုလိုလားလား မရှိကြဘူး။
သူ့စိတ်ကူးစိတ်သန်းကလည်း အနုပညာဆန်တယ် ဆိုရမယ်။ ကန်ကွန်မြို့ ကမ်းခြေတွေမှာ တွေ့ရတဲ့ ရေမှော်တွေကို သူ့ဘဝနဲ့ ယှဉ်ကြည့်တယ်။ ကြက်ဥပုပ်အနံ့ရတဲ့ ရေမှော်တွေဟာ ကမ်းခြေကို လာသူတွေအတွက် ပြဿနာဖြစ်နေတယ်။ ဘယ်သူမှ မလိုချင်တဲ့အရာပဲ။ သန့်ရှင်းရေးဝန်ထမ်းတွေက အဲဒီရေမှော်တွေကို ရှင်းပြီး အမှိုက်ကန်မှာ လွှင့်ပစ်လေ့ရှိတယ်။
ဆန်းချက်ဇ်က ဒီရေမှော်တွေကို တစ်နေရာရာမှာ အသုံးချဖို့ ကြံတယ်။ ရေမှော်တွေကိုသုံးပြီး အုတ်ခဲရိုက်တာ အောင်မြင်သွားတယ်။ ရေမှော်အုတ်ခဲတွေကို ဆောက်လုပ်ရေးပစ္စည်းအဖြစ် အသုံးပြုဖို့ ခွင့်ပြုချက် ရရှိခဲ့တယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ကတောင် တကယ့်ကို ပြောင်မြောက်တဲ့ ကြံဆဖန်တီးမှုအဖြစ် အသိအမှတ်ပြုခဲ့တာပါ။ ဒါဟာ ဂေဟစနစ်အတွက် တကယ့်ကို အကျိုးရှိစေတဲ့ ကြံဆမှုပါပဲ။
၂၀၂၁ ခုနှစ်ကနေ ဒီနေ့အချိန်အထိ ဆန်းချက်ဇ်က ရေမှော်တန်ချိန် ၆၀၀၀ လောက်ကို အုတ်ခဲတွေအဖြစ် ပြောင်းလဲပြီး ဂျာလစ္စကိုပြည်နယ်တစ်ဝန်းမှာ အဆောက်အအုံတွေ ဆောက်လုပ်ပေးခဲ့တယ်။ သူ့ရဲ့စီမံကိန်းကနေ မိသားစု ၃၀၀ လောက်ကို အလုပ်ပေးနိုင်ခဲ့တယ်။ ရေမှော်ရှင်းလင်းတာနဲ့ အုတ်ခဲရိုက်တဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကြတာပါ။ ဆန်းချက်ဇ်ရဲ့ ရေမှော်အုတ်ခဲသုံးပြီး ဆောက်ထားတဲ့ အဆောက်အအုံတွေက နှစ် ၁၂၀ လောက် ခံတယ်လို့ သတ်မှတ်ထားကြတယ်။
Ref: Visionary Gardener Turns Piles of Beached Seaweed Into Bricks for Sustainable Construction
NZ ( ရိုးရာလေး)