ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်လုံခြုံရေးအေဂျင်စီတွေ အကြီးအကျယ် ထိခိုက်ခဲ့တယ်လို့ ဂျိုးဘိုင်ဒင် ပြော

29-12-2020-yyl01.jpg

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရလက်ထက်မှာ အမေရိကန်နိုင်ငံ လုံခြုံရေးအတွက် အရေးကြီးတဲ့ အေဂျင်စီတွေ အကြီးအကျယ် ထိခိုက်ခဲ့တယ်လို့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အာဏာလွှဲပြောင်းဖို့ ဆောင်ရွက်နေချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် လုံခြုံရေးဌာနတွေဆီကနေ လိုအပ်တဲ့ သတင်းအချက်အလက် မရရှိခဲ့ဘူးလို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။

အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အရာရှိများရဲ့ အကျဉ်းချုံးတင်ပြချက်တွေကို နားထောင်ခဲ့ပြီးနောက်မှာ ဂျိုးဘိုင်ဒင်က အခုလို ပြောခဲ့တာပါ။ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမှာဖြစ်ပေမဲ့ ဒေါ်နယ်ထရမ့်ကတော့ သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်နေဆဲပါပဲ။ နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲအပြီး ရက်သတ္တပတ် တော်တော်ကြာတဲ့အထိ ဂျိုးဘိုင်ဒင်ဟာ အာဏာလွှဲပြောင်းရေးပုံမှန်လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အရေးကြီး ထောက်လှမ်းရေးအစီရင်ခံချက်တွေ မရရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဂျိုးဘိုင်ဒင်က အခုလို ပြောခဲ့ပြီးနောက် ယာယီကာကွယ်ရေးဝန်ကြီး ခရစ္စတိုဖာမီလာက အရာရှိတွေဟာ အာဏာလွှဲပြောင်းရေးကို ထောက်ပံ့ကူညီပေးဖို့အတွက် ပရော်ဖက်ရှင်နယ်အပီသဆုံး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

” ကာကွယ်ဆေးဝန်ကြီးဌာနက အရာရှိ ၄၀၀ ကျော်နဲ့ အင်တာဗျူး ၁၆၄ ကြိမ်လုပ်ပြီး စာမျက်နှာ ၅၀၀၀ ကျော် ပါဝင်တဲ့ စာရွက်စာတမ်းတွေ ပေးအပ်ခဲ့ပါတယ်။ ဒါဟာ ဂျိုးဘိုင်ဒင်ရဲ့ အာဏာလွှဲပြောင်းရေးအဖွဲ့ ကနဦး တောင်းဆိုထားတာထက် အများကြီး ပိုများပါတယ်” လို့ ခရစ္စတိုဖာမီလာက ပြောပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်က ဂျိုးဘိုင်ဒင်ရဲ့အဖွဲ့နဲ့ တကယ့်ကို ပွင့်လင်းမြင်သာရှိပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

” ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့ အေဂျင်စီ တော်တော်များများ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ အေဂျင်စီ တော်တော်များများက လူအင်အား၊ လုပ်နိုင်စွမ်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အနှစ်သာရ မရှိတော့ပါဘူး။ မူဝါဒလုပ်ငန်းစဉ်တွေကို အရွယ်အစား လျှော့ချပြီး ဘေးချိတ်ခံထားရပါတယ်”လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

Ref: BBC ” Joe Biden: ‘Enormous damage’ to US security agencies by Trump “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top