လှိုင်းလေစီးရင်း ONE Championship ပွဲဦးထွက်ပြိုင်ပွဲအိမ်မက် အကောင်အထည်ပေါ်လာသော Regis

yyl-039.jpg

Luis Regis သည် Mentawai ကျွန်းတွင် လှိုင်းစီး အပန်းဖြေရင်း ၎င်း၏ ရှေ့ဆက်မည့် ခြေလှမ်းအတွက် တွေးတောလျက်ရှိသည်။ ထိုအချိန်တွင် ONE Championship သည်ဩစတြေးလျ မွေထိုင်းကစားသမား Regis ကို ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပြိုင်ပွဲကြီးများထံသို့ ကြီးမားသော မက်လုံးပေး၍ ဆွဲဆောင်ရန် စီစဉ်နေခဲ့သည်ကို ၎င်းမသိသေးချေ။

“ကျွန်တော် အင်ဒိုနီးရှားမှာ အပန်းဖြေခရီးထွက်နေခဲ့တာ။ ရေလွှာလျှောစီးဖို့ သွားနေတဲ့အချိန်မှာ ကျွန်တော့်ကို ONE Championship ကဖုန်းခေါ်လာတာမို့ ပြန်လာခဲ့ပါတယ်” ဟု ဆစ်ဒနီမြို့သား Regis က ရှင်းပြခဲ့သည်။ ၎င်းသည် သောကြာနေ့ည ကွာလာလမ်ပူမြို့၌ ကျင်းပမည့် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းတွင် ထိုင်းနိုင်ငံသား Yodsanklai IWE Fairtex နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

“သူတို့က ကျွန်တော့်ကို ပြိုင်ပွဲဝင်ပြိုင်ဖို့ ကမ်းလှမ်းတယ်။ ပွဲစီစဉ်သူက ‘ခင်ဗျားက အခုနှစ်ပိုင်း အနည်းငယ်အတွင်း ဩစတြေးလျမှာ နံပါတ် ၁ ဖြစ်လာခဲ့တယ်။ ONE Championship က ကမ္ဘာတစ်လွှားမှာရှိတဲ့ အကောင်းဆုံး အားကစားသမားတွေကို စုဆောင်းနေပါတယ်။ ခင်ဗျားကျွန်တော်တို့နဲ့ ပွဲစဉ် ၆ခု စာချုပ်ချုပ်ပြိး ပြိုင်ပွဲကြီး (Yodsanklai နှင့်ပြိုင်ရမည့်ပွဲ) ကို ချက်ချင်းပြိုင်နိုင်မလား လို့ ကျွန်တော်ကို ပြောတယ်” ဟု ၎င်းက ပြောသည်။

ကျွန်တော်က ‘ဟုတ်ကဲ့။ ပြိုင်မှာပေါ့။ ကျွန်တော် ပြိုင်ပွဲကြီးကိုပြိုင်ဖို့ ပျော်ပျော်ကြီး လက်ခံပါတယ်’လို့ ပြောတော့၊ သူက ‘ခင်ဗျား Yodsanklai နဲ့ ပြိုင်ရမှာ’ လို့ပြောတယ်။ ကျွန်တော်က ‘ကောင်းပါပြီ။ ကျွန်တော်သူနဲ့ ပြိုင်မယ်။ အဲဒီပွဲက ကျွန်တော့်အားကစားသက်တမ်းမှာ အကြီးမားဆုံးပြိုင်ပွဲဆိုပေမဲ့ ကျွန်တော်္ပြိုင်ချင်ပါတယ်’ လို့ပြောလိုက်တယ်။”

“ကျွန်တော်က ‘ပြိုင်ပွဲက နောက်နှစ်ထဲမှာလား’ လို့မေးတော့၊ သူက ‘မဟုတ်ဘူး၊ ဒီဇင်ဘာမှာပြိုင်ရမှာ’ လို့ပြောတယ်။ ပြိုင်ပွဲရောက်ဖို့ ၅ ပတ်ပဲလိုတော့တာမို့လို့ အံ့ဩသွားတယ်။ ဒီလောက်ထိ မြန်မြန်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့မိဘူး” ဟု ၎င်းက ဆိုသည်။ Luis Regis သည် ဇနီးဖြစ်သူကို ဖုန်းခေါ်ကာ မလေးရှားနိုင်ငံ၌ ကျင်းပမည့် အဓိကပွဲစဉ်တွင် ယှဉ်ပြိုင်မည့် အကြောင်းကို ပြောပြလိုက်သည်။

“ကျွန်တော့်အမျိုးသမီးကို ပြောတဲ့ကိစ္စအားလုံးက ကလေးတွေနဲ့ ပတ်သက်တာတွေပါပဲ။ ဒါပေမဲ့ ကျွန်တော် အခုလာမယ့်ပွဲကို ဝင်ပြိုင်မှာကိုတော့ သေချာတဲ့အကြောင်းပြောလိုက်ပါတယ်” ဟု အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သော Regis က ပြောသည်။ “ဒါက လက်မလွှတ်သင့်တဲ့ အခွင့်အရေးမျိုးလေ”

Regis သည် ထိုအခွင့်အရေးကို ရရှိလာသောအချိန်တွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကာ ၎င်း၏ စွမ်းရည်များကို စမ်းသပ်ရန် စဉ်းစားနေခဲ့ကြောင်းကိုလည်း ဖွင့်ဟထားသည်။ “ကျွန်တော် ပြိုင်ပွဲတွေမှာပြိုင်နေတာ ကြာခဲ့ပါပြီ။ နောက်နှစ်ကျရင်တော့ နိုင်ငံရပ်ခြားတွေမှာ သွားပြိုင်ဖို့ အစီစဉ်ရှိပါတယ်” ဟု Regis က ပြောခဲ့သည်။

“ကျွန်တော် Lumpinee (အားကစားရုံ) မှာ သွားပြိုင်ဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော် အားကစားရုံတစ်ခုဆောက်ဖို့ ကမ်းရိုးတန်းဘက်မှာ နေရာလေးတစ်ခုရထားတယ်။ ကျွန်တော် အဲဒီမှာ လေ့ကျင့်နိုင်အောင် ပရောဂျက်ကို အားလုံးပြီးဆုံးအောင်လုပ်နိုင်မှဖြစ်မယ်” ဟု ၎င်းကဆိုသည်။ “ဒါပေမဲ့ ကျွန်တော် ဒီပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ အဲ့ဒါတွေအားလုံးကို နောက်ရွေ့ရတော့မယ်”

Regis သည် ၎င်း၏ အားကစားရုံတည်ဆောက်မှုကို နောက်ဆုတ်ထားကာ ၎င်း၏ အချိန်များကို Yodsanklai ကို ကောင်းမွန်စွာယှဉ်ပြိုင်နိုင်ရေးအတွက် လေ့ကျင့်ပြင်ဆင်မှုများလုပ်ရန်သာ အသုံးပြုရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။ “ကျွန်တော်စိတ်ပူနေတဲ့တစ်ခုတည်းသော အရာက မိသားစုအတွက်ပါပဲ” ဟု Regis က ဆိုသည်။

“ကျွန်တော် ဆစ်ဒနီမှာ ရက်သတ္တပတ် ၂ ပတ်နေလေ့ရှိပြီး တစ်ပတ်ကို ကမ်းရိုးတန်းဘက်မှာ နေလေ့ရှိတယ်။ ဒါမှ နောက်ကျန်တဲ့ ရက်သတ္တပတ် ၅ ပတ်မှာ ကျွန်တော့် ဇနီးအတွက် မိသားစုကိစ္စ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းတာဝန်ယူရတာ အဆင်ပြေ မပြေဆိုတာသိရအောင် ကျွန်တော်စကားပြောလို့ရမှာ။ သူကလည်း ကျေကျေနပ်နပ်ပဲတာဝန်ယူပေးပါတယ်” ဟု ၎င်းက ပြောသည်။ မိသားစုအရေးကိစ္စများအဆင်ပြေသွားသောအခါမှသာ Regis သည် ၎င်းအလွန်ဝင်ရောက်ယှဉ်ပြိုင်လိုသော ပြိုင်ပွဲအပေါ်သို့ ပြန်လည်အာရုံစိုက်ထားခဲ့သည်။

“အတိအကျပြောရရင် ဒီပြိုင်ပွဲက ကျွန်တော်ကစားသမားသက်တမ်းမှာ အကြီးမားဆုံး အောင်မြင်မှုဖြစ်လာလိမ့်မယ်” ဟု Regis က ဆိုသည်။ “အထူးသဖြင့် သူတို့က ကျွန်တော်ကို ပြိုင်ပွဲ ၆ ပွဲစာ စာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက် ပြိုင်ပွဲ ၁ ပွဲတည်းမဟုတ်တော့ ၂ နှစ်လောက်တော့ကြာလိမ့်မယ်။ ကျွန်တော်အနေနဲ့ ကစားသမားလောကထဲကနေ ပျောက်နေတာကြာပြီးဆိုတော့ ကျွန်တော် အောင်မြင်မှုရယူလိုစိတ်တွေ ကျွန်တော့်မှာပြန်ရှိလာပါပြီ” ဟု ၎င်းကဆိုသည်။

“ကျွန်တော် ဩစတေးလျမှာ ၁၂ နှစ်လောက် တိုက်ခိုက်လေ့ကျင့်နေခဲ့ပါတယ်။ အခု ကျွန်တော်မှာ အောင်မြင်ချင်စိတ်တွေပြန်ပြင်းပြနေပါပြီ။ ကျွန်တော် သိပ်ကို စိတ်လှုပ်ရှားနေပါတယ်”

“ဩစတေးလျရဲ့ မွေထိုင်းပညာရပ်ဖွံ့ဖြိုးမှုကို ကမ္ဘာကြီးကို ပြချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ John Wayne Parr လိုမျိုး ချန်ပီယံတွေလည်းရှိပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့တိုးတက်မှုနည်းနည်းနှေးနေခဲ့တယ်လို့ ခံစားရတာကြောင့် ကျွန်တော့်အနေနဲ့ နိုင်ငံကိုကိုယ်စားပြုပြီး ကျွန်တော်တို့ရဲ့အကောင်းဆုံးစွမ်းရည်တွေကို ကမ္ဘာကြီးကို ပြသသွားချင်ပါတယ်”

ဆစ်ဒနေ အရှေ့ဘက်ကမ်းရိုးတန်းရှိ Maroubra မှပြောင်းရွှေ့လာသော Regis သည် ၎င်း၏ Maroubra တွင်ရော Coffs Harbour အနီးရှိ Bellingen မြို့လေးတွင်ပါ နေထိုင်တတ်သည်။ သို့သော် Regis သည် ဩစတေးလျတွင် အလုပ်ရှာဖွေခြင်းကို အမြဲမလုပ်ခဲ့ပေ။ ဘရာဇီးနိုင်ငံတွင် မွေးဖွားခဲ့သော Regis သည် အသက် ၁၉ နှစ် အရွယ်တွင် ကွင်းစ်လန်းပြည်နယ်ရှိ Gold Coast သို့ ပြောင်းရွှေ့ခဲ့သည်။

“ကျွန်တော် တစ်ကိုယ်ရည်ပဲပြောင်းခဲ့ပြီး အဲဒီမှာပဲ နေဖြစ်သွားတယ်။ အဲဒီနေရာကို ကျွန်တော် ကြိုက်တယ်” ဟု Regis က ဆိုသည်။ “ကျွန်တော့်မှာ ပြန်သွားစရာအကြောင်းလည်း များများစားစားမရှိပါဘူး။ ပြီးတော့ ကျွန်တော် အဲဒီက နေထိုင်မှုပုံစံကိုလည်း သဘောကျတယ်။ အဲလိုနဲ့ ကျွန်တော် ဆဒ်ဒနေကို ပြောင်းလာတယ်၊ အလုပ်လုပ်တယ်။ ကားရေဆေးတဲ့အလုပ်ကနေ ပိုက်ဆံရှာနိုင်ခဲ့ပေမဲ့ ကျွန်တော့် အိမ်မှာဆိုရင်တော့ ပိုပြီး ပိုက်ဆံများများရှာနိုင်တာပေါ့”

“နောက်ပိုင်း ၆ လလောက်ကြာတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဇနီးလောင်းနဲ့တွေ့ဆုံခဲ့ရတယ်။ ကျွန်တော်တို့ အတူတူ ဘရာဇီးကို ပြောင်းခဲ့ကြတယ်။ ကျွန်တော်တို့ ကလေးတစ်ယောက်ရခဲ့တယ်။ တစ်နှစ်လောက်ကြာတဲ့ အချိန်မှာ ဩစတေးလျကို ပြန်ပြီးနေထိုင်ခဲ့တယ်”

Regis တွင် အသက် ၁၀ နှင့် ၄ နှစ်အရွယ် ကလေးနှစ်ဦးရှိကာ ၎င်းအနေဖြင့် လာမည့်သောကြာနေ့ညတွင် ဩစတေးလျနိုင်ငံကို ကိုယ်စားပြု၍ ဂုဏ်ယူစွာ ပြိုင်ပွဲဝင်သွားမည်ဖြစ်သည်။

“ကျွန်တော့် ကစားသမားဘဝက ဒီမှာရှိပါတယ်။ တကယ်တော့ ဘရာဇီးမှာလည်း သိပ်ပြီး တိုက်ခိုက်လေ့ကျင့်တာတွေ မလုပ်ခဲ့ပါဘူး” ဟု Regis က ဆိုသည်။ “ကျွန်တော် အခု ဩစတေးလျနိုင်ငံသားဖြစ်နေပါပြီ။ ကျွန်တော့် ကလေးတွေရော၊ အမျိုးသမီးရောကလည်း ဩစတေးလျနိုင်ငံသားတွေပါပဲ။ ကျွန်တော်က အလံနှစ်ခုလုံးယူသွားချင်ပေမဲ့ တစ်ခုပဲ ယူခွင့်ရှိတာမို့ပါ။ ဒါပေမယ့် ကြိုးဝိုင်းထဲမှာတော့ ကျွန်တော် အလံနှစ်ခုလုံးကို လွှင့်ထူသွားမှာပါ” ဟု Regis က ဆိုသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top