တစ်ခါတုန်းက အသက်အရွယ် အိုမင်းလာတဲ့ ခြင်္သေ့ဟာ အမဲမလိုက်နိုင်တော့ဘဲ အခက်တွေ့နေတာပေါ့။ ဒါပေမယ့် သူအစာရရှိဖို့ အတွက် အကြံထုတ်ရမယ်ဆိုပြီး စဉ်းစားနေတာပေါ့။ နောက်ဆုံးမှာတော့ ခြင်္သေ့က အကြံ တစ်ခု ရသွားပြီး သူ နေမကောင်းတဲ့ဟန်ဆောင်ကာ ဂူထဲမှာပဲ လဲလျောင်း နေလိုက်တယ်။ သူ့ကျန်းမာရေး အတွက် ဂူထဲ လာပြီး ကြည့်တဲ့ တိရစ္ဆာန်တွေကိုဆို သူက ဖမ်းပြီး စားပစ်လိုက်ပါတယ်။
အချိန်နည်းနည်း ကြာတဲ့ အထိ သူ့အကြံအစည်က အလုပ်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် မကောင်းမှုဆိုတာမျိုးက ကြာကြာခံလေ့ မရှိဘူး မဟုတ်လား။ တစ်နေ့မှာတော့ ခြေခွေးတစ်ကောင်က သူ့ဆီရောက်လာခဲ့ပါတယ်။ မြေခွေးဆိုတဲ့ သဘာဝအတိုင်း ဉာဏ်များပြီး ပါးနပ်တာပေါ့။ ဂူပြင်ကနေပြီးတော့ပဲ ခြင်္သေ့ကို နေကောင်းရဲ့လား ဆိုပြီး လှမ်းမေးတာပေါ့။ အဲ့ဒီအခါ ခြင်္သေ့က သူနေမကောင်းတဲ့အကြောင်း ပြန်ဖြေပြီး ဂူထဲကိုဘာလို့ ဝင်မလာတာလဲဆိုပြီး ဝင်လာဖို့ ခေါ်လိုက်ပါတယ်။
မြေခွေးက အထဲကို ဝင်လာချင်ပေမယ့် ခြေရာတွေကို ကြည့်ရတာ အဝင်ခြေရာတွေပဲ တွေ့ရပြီး ပြန်ထွက်လာတဲ့ ခြေရာတွေ မတွေ့ရတဲ့ အတွက် ဂူထဲကို ဝင်လိုက်တယ်ဆိုရင် သူမိုက်မဲလို့ ဖြစ်သွားမှာပေါ့ ဆိုပြီး ပြန်ပြောလိုက်ပါတယ်။ အဲ့လို ပြောပြီးတဲ့နောက် မြေခွေးက ပြန်သွားပြီး အခြားသော တိရစ္ဆာန်တွေကို ခြင်္သေ့အကြောင်း သတိပေးလိုက်ပါတယ်။ ဆင်ခြင်သတိရှိတဲ့ မြေခွေးကအားလုံးကို ကယ်လိုက်နိုင်တယ်လို့ ဆိုရမှာပါပဲ။
ဒီဇာတ်လမ်းလေးကနေ တဆင့် ပြောပြချင်တာက တစ်စုံ တစ်ခုသော အခြေအနေတွေကို ရွေးချယ်တော့မယ် ဆိုရင် သတိထားဖို့ပါ။ အခြေအနေတစ်ခုခုထဲ ကိုယ် လှမ်းဝင်တော့မယ်ဆိုရင် ဘယ်လို ဆိုးကျိုးတွေ ရလဒ်တွေ ဖြစ်သွားနိုင်လဲဆိုတာ မဖြစ်မနေ ဆန်းစစ်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်မို့လို့ မျက်စိတွေ နားတွေ ဖွင့်သွားပြီး ကိုယ်လျှောက်မယ့် လမ်းကြောင်းမှာ သတိဝီရိယနဲ့ ဆင်ခြင်တတ်ဖို့ တိုက်တွန်းလိုက်ပါရစေ။
Ref: Always Stay Alert
Jong Kin (ရိုးရာလေး)