သွေးပေါင်ကျနေသူတွေစားသင့်တဲ့ ဓာတ်စာများ

doctor-and-patient-PS8VCKT.jpg

စာရေးသူကိုယ်တိုင်လည်း ပင်ကိုယ် အားနည်းတာကော ပင်ပန်းတာကောကြောင့် ခဏခဏ သွေးပေါင်ကျတတ်ပါတယ်။ ကျတာမှ ၈၀ ၅၀လောက်အထိကို ကျသွားတတ်တာပါ။

သွေးပေါင်ချိန်ကျတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်မှုတွေ ရှိလာတတ်ပါတယ်။ ခေါင်းမူးတာ အမြင်မှုန်ဝါးတာကအစ စိတ်မကြည်ပဲ ဘာလုပ်လုပ် အဆင်မပြေ ဖြစ်တတ်ပါတယ်။ ကိုယ်တိုင်လည်း သွေးပေါင်တက်စေမယ့် အစာအာဟာရတွေကို အမြဲ ဖြည့်စွက်စားသောက်နေရသူမို့ ရိုးရာလေးပရိသတ်အတွက်ပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ရေများများသောက်ပါ

ရေဓာတ် ခမ်းခြောက်ခြင်းဟာ ခန္ဓာကိုယ်ကို အားနည်းစေတာ၊ သွေးဖိအား လျော့ကျစေတာတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ရေဓာတ်များများရစေဖို့ အတတ်နိုင်ဆုံး ရေများများသောက်တာတို့ အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများစားတာတို့ လေ့ကျင့်ခန်းတို့ဘာတို့ လုပ်ပြီးရင် သင့်တော်တဲ့ ရေပမာဏကို သောက်သုံးတာမျိုးတို့ကို လုပ်ပေးသင့်ပါတယ်။ အရက်သောက်တတ်တဲ့သူတွေအနေနဲ့ သင့်တော်တဲ့ ပမာဏတစ်ခုကို ချင့်ချိန်သောက်ပေးပါ။

ဗီတာမင် B-12

သွေးထဲမှာ ဗီတာမင် B-12 ဓာတ် အလွန်နည်းပါးနေရင် သွေးအားနည်းတတ်ပါတယ်။ ဒါကြောင့် ဗီတာမင် B-12 ပါဝင်မှု ကြွယ်ဝတဲ့ အစားအစာများကို ပိုမိုစားသုံးပေးသင့်ပါတယ်။ ဥပမာပြောရရင် ဥများ၊ အနီရောင် အသားများ (အမဲသား ဆိတ်သား အစရှိသဖြင့်။ စာရေးသူကတော့ အမဲသားစားပါတယ်)၊ ကွေကာကြမ်း စတာတွေ ဖြစ်ပါတယ်။

ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာများ

ဖောလစ်အက်ဆစ် နည်းပါးခြင်းကလည်း သွေးပေါင်ကျတတ်ပါတယ်။ ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့ ကညွတ်ရွက်၊ ထောပတ်သီး၊ ပန်းမုန်လာ၊ ပဲအမျိုးမျိုး နဲ့ အသည်းတို့ကို စားသုံးပေးပါ။

အငံဓာတ်

လတ်တလော သွေးပေါင် ပြန်တက်လာဖို့ဆိုရင် အငံဓာတ်ပါဝင်တဲ့ အစားအစာတွေက အသင့်တော်ဆုံးပါပဲ။ စည်သွပ်ထားတဲ့ စွပ်ပြုတ်၊ ငါးကင်၊ ချိစ်တွေနဲ့ သံလွင်ဆီတို့ကို စားသုံးပေးရပါမယ်။

နွယ်ချို

နွယ်ချိုဟာ စိတ်ငြိမ်တာနဲ့ ပတ်သက်တာရင် အစွမ်းထက်ပါတယ်။ အထူးသဖြင့် နွယ်ချိုမြစ်ပေါ့၊ သင့်တင့်လျောက်ပတ်တဲ့ ပမာဏကို သုံးစွဲပေးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုအား ကောင်းမွန်စေပါတယ်။ သူ့ကို ရေနွေးနဲ့ စိမ်သောက်ပေးမယ်ဆိုရင် သွေးဖိအားကို ထိန်းထားပေးနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

ကဖင်းဓာတ်

သေချာတာပေါ့။ ကဖင်းဓာတ်ဟာ သွေးဖိအား ကျနေတဲ့သူတစ်ယောက် သောက်သင့်တဲ့ ဓာတ်စာတစ်ခုပါပဲ။ ကော်ဖီနဲ့အခြား ကဖင်းဓာတ် ပါတဲ့ အချိုရည်တွေကို ကာလတစ်ခုအထိ သောက်သုံးပေးခြင်းဟာ နှလုံး သွေးလည်ပတ်မှုကို ပုံမှန်အတိုင်း ပြန်ဖြစ်လာစေပြီး နှလုံးကို ပုံမှန် အလုပ်ပြန်လုပ်စေပါတယ်။ ဒီလိုနဲ့ သွေးပေါင်ချိန်ကို ပုံမှန် ပြန်ဖြစ်လာစေနိုင်ပါတယ်။

ပြီးတော့ အရေးအကြီးဆုံးက အအိပ်အနေ ပုံမှန်ဖြစ်နေဖို့ပါ။ သွေးပေါင်ကျနေချိန်မှာ ဓာတ်စာတွေစားတဲ့အပြင် အိပ်ရေးဝဝအိပ်ပေးဖို့လည်း လိုအပ်ပါတယ်။ စိတ်ကြည်ကြည်လင်လင် ခေါင်းကြည်ကြည်လင်လင်နဲ့ နိုးထလာမှ အားပြည့်မှာဖြစ်ပါတယ်။

Ref: Healthline “Raise Low Blood Pressure Naturally Through Diet”

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top