ဖိုးသော်၏ အမေရိကန်လေ့ကျင့်ရေးခရီးစဉ်မှ မမေ့နိုင်ဖွယ်အမှတ်တရများ

62058398_2501424780079120_4554637217670103040_n.jpg

“အမေရိကန်ခရီးစဉ်ကို သွားဖို့စီစဉ်နေတာကြာပြီ။ အဲဒီဘက်မှာ ကျွန်တော်တို့ တစ်ယောက်ချင်းလေ့ကျင့်ပေးတဲ့ နည်းပြတွေရှိတယ်။ ကျွန်တော်တို့မန်နေဂျာက Joe Conway က ဘော့စတွန်မှာရှိတဲ့ သူ့ရဲ့ အားကစားရုံကနေ ကျွန်တော့်ကို သေချာလေ့ကျင့်ပေးမယ်။ ပြီးတော့ ကျွန်တော်တို့ Team PT/FFG နည်းပြချုပ် Soap AM က ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲတွေကစားဖူးတဲ့ ကမ္ဘောဒီးယား – အမေရိကန်သားနည်းပြ။ သူနဲ့ တစ်ယောက်ချင်း လေ့ကျင့်ဖို့ဆိုပြီး ဘော့စတွန်ကိုသွားဖို့စီစဉ်ထားတာ တစ်နှစ်ကျော်လောက်ရှိပြီ”ဟု ONE Championship ၏ ကစားသမားတစ်ဦးဖြစ်သည့် “ဘူရှီဒို” ဖိုးသော် က ပြောပြသည်။

ဖိုးသော်သည် နောက်ဆုံးကစားခဲ့သည့် ONE: Legendary Quest ပြိုင်ပွဲ မတိုင်မီတွင် အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှ Citadel Martial Arts and Fitness Centre သို့ သွားရောက်ကာ သီတင်းပတ် (၄) ပတ်နီးပါး လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ခဲ့သည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ ၎င်းကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံနှင့် အမှတ်တရများကို ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။ ဖိုးသော်က အဆိုပါခရီးစဉ်အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခရီးစရိတ်ရှာကာသွားခဲ့ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“စပွန်ဆာမရှိတာနဲ့ အခက်အခဲတွေအများကြီးကြားထဲမှာ မသွားဖြစ်ဘူး။ ဒီတစ်ခေါက်တော့ နိုင်ငံခြားကို ပထမဆုံး သွားပြိုင်ရမယ့်ပွဲဖြစ်လို့ နိုင်ချင်တော့ အမေရိကန်မှာသွားပြီး သေချာလေ့ကျင့်ပြင်ဆင်မယ်ဆိုပြီး သွားဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရအောင်သွားမယ်ဆိုပြီး စီစဉ်တယ်။ တချို့စရိတ်တွေကာမိအောင် ကုမ္ပဏီကြီးတွေကို အကူအညီတောင်းတဲ့အခါ VDB-Loi ကနေ စပွန်ဆာနည်းနည်းရတယ်။ Joe Conway ရဲ့ ကုမ္ပဏီက စပွန်ဆာနည်းနည်းရတယ်။ ဒီလိုနဲ့ တစ်လလေ့ကျင့်ရေးသွားဖြစ်တာ”ဟု ဖိုးသော်က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။

သို့သော်လည်း အဆိုပါခရီးစဉ်မစတင်မီ ဗီဇာလျှောက်ထားသည့်နေရာကတည်းက အခက်အခဲနှင့်လွဲချော်မှုများ ကြုံတွေ့ခဲ့ရသည်ဟု ဖိုးသော်က ပြောပြခဲ့သည်။ ဖိုးသော်သည် အမေရိကန်ခရီးစဉ်အပြီးတွင် ONE Championship ပြိုင်ပွဲယှဉ်ပြိုင်ရန် တရုတ်သို့သွားရမည့်ခရီးစဉ်၊ Team PT မှ ကစားသမားတစ်ဦးဖြစ်သည့် စိုင်းဉာဏ်လင်းယှဉ်ပြိုင်ရမည့် ONE Warrior Series အတွက် စင်ကာပူခရီးစဉ်များသွားရမည့်အပြင် တောင်ကိုရီးယားနိုင်ငံသို့ Triathlon သုံးမျိုးစပ်အားကစားပြိုင်ပွဲကိုလည်း သွားရောက်ယှဉ်ပြိုင်ရန်ရှိသဖြင့် ဗီဇာအမြောက်အမြားလျှောက်ထားရန်လိုအပ်ခဲ့သည်။

“ကျွန်တော်က အမေရိကန်ဗီဇာကို နံပါတ်တစ်ဆိုပြီး ဦးစားပေးလုပ်တဲ့အချိန်မှာ သံရုံးရောက်တော့ စာရွက်စာတမ်းမပြည့်စုံဘူး။ ဓာတ်ပုံတစ်ပုံလိုတော့ အပယ်ခံရတယ်။ နောက်ထပ်ရက်ချိန်းအသစ် ပြန်ယူလိုက်တော့ ဆယ်ရက်ကြာသွားတယ်။ ဆယ်ရက်ပြည့်တော့ ရက်ချိန်းပြန်ယူတဲ့အချိန်မှာ ဒီကသံရုံးကို စာရင်းမပေးဘဲနဲ့ ဇင်ဘာဘွေကသံရုံးကို စာရင်းပေးမိတယ်။ လောပြီးတော့ ကားမောင်းရင်းလုပ်လိုက်မိတာ နိုင်ငံရွေးတာ မှားသွားတယ်။ သံရုံးမှားမှန်း အီးမေးလ်ဝင်လာမှသိတော့ နောက်ထပ်ရက်ချိန်းထပ်ယူရင် အမေရိကန်သွားဖို့ ဘယ်လိုမှမမီတော့ဘူး”ဟု ဖိုးသော်က ထိုစဉ်ကအဖြစ်အပျက်များကို ပြန်ပြောပြသည်။

ဖိုးသော်သည် အဆိုပါဖြစ်ရပ်ကြောင့် ခရီးစဉ်ပျက်ပြယ်ပြီဟုယူဆကာ အမေရိကန်သို့အကြောင်းကြားခဲ့သော်လည်း မန်နေဂျာ Joe က ရက်ချိန်းအမြန်ယူနိုင်သည့် အရေးကြီးအစီအစဉ်တစ်ခုနှင့် ထပ်မံချိတ်ဆက်ပေးမှုကြောင့် ကံကောင်းထောက်မစွာ ဗီဇာရခဲ့သည်ဟုဆိုသည်။ ယင်းကိစ္စများဖြင့် နှောင့်နှေးနေခဲ့သောကြောင့် မူလရည်မှန်းထားသည့်ရက်ထက်ပင် (၃) ရက်ခန့်နောက်ကျသွားသည်ဟုလည်း ဖိုးသော်က ပြောပြခဲ့သည်။

ဖိုးသော်သည် ရန်ကုန်မြို့မှ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့သို့ (၃၂) နာရီကြာ လေကြောင်းခရီးဖြင့်သွားခဲ့ရပြီး အမေရိကန်ရောက်သည့်အခါ နောက်ထပ်အခက်အခဲအများအပြားက ၎င်းကိုစောင့်ကြိုနေခဲ့သည်။ အဆိုးဆုံး အခက်အခဲများမှာ လေယာဉ်ခရီးပန်းပြီး အချိန်ကွာဟမှုပြဿနာနှင့် အေးလွန်းသော ဘော်စတွန်၏ရာသီဥတု ပြဿနာများဖြစ်ကြောင်း ဖိုးသော်က ဆက်လက်ပြောပြခဲ့သည်။

“လေ့ကျင့်ရတဲ့ အချိန်မှာ အခက်အခဲတော့ရှိတယ်။ ခရီးပန်းတဲ့ Jet Lag တွေ ဖြစ်တယ်။ ကျွန်တော် ရောက်တဲ့အချိန်မှာ မိုးတွေရွာပြီး ရာသီဥတုကအရမ်းအေးတယ်။ ရုတ်တရက်အပူထဲကနေ အအေးထဲသွားရသလို ဖြစ်နေတာ။ ရန်ကုန်မှာမအေးတာ နှစ်ပေါက်နေပြီ။ လေး ငါး ဆယ်နှစ်လောက် မအေးတဲ့နေရာကနေ အရမ်းအေးတဲ့နေရာရောက်သွားတော့ မနက်ထပြေးရင် လက်တွေဆိုထုံနေတာ။ ကျင်နေတာ။ တစ်ခုခုကိုင်မယ်ဆို ကိုင်လို့မရဘူး။ နည်းနည်းကြာတော့မှ အဆင်ပြေသွားတာ။ အမေရိကန်မှာက ကျွန်တော်တို့နဲ့ နေထိုင် စားသောက်ပုံကွဲပြားတော့ အကုန်လိုက်သင်နေရတယ်”ဟု ဖိုးသော်က ဆိုသည်။

အမေရိကန်ခရီးစဉ်အတွင်း လေ့ကျင့်ရေးအစီအစဉ်များကတော့ ၎င်းအတွက် ကျေနပ်စရာကောင်းသည်ဟု ဖိုးသော်က ပြောပြခဲ့သည်။ မိမိတို့လေ့ကျင့်ခဲ့သည့်နည်းစနစ်များနှင့် ကွဲပြားခြားနားမှုများ အများအပြား တွေ့ခဲ့ရပြီး သင်ယူစရာအများအပြားကိုလည်း လေ့လာသင်ယူခွင့်ရခဲ့သည်ဟု ဆိုသည်။ တစ်ဘက်တွင်လည်း မိမိတို့ထံမှ မြန်မာ့လက်ဝှေ့ပညာကို ပြန်လည်လေ့လာသင်ယူမှုများရှိခဲ့ပြီး တတ်စွမ်းသလောက်ဝေမျှပေးခဲ့သည်ဟု ဖိုးသော်က ပြောပြသည်။

“ကျွန်တော်နဲ့ သူတို့သင်တန်းက နောက်နှစ်ယောက်နဲ့ ဘော့စတွန်က ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်တယ်။ သုံးယောက်စလုံး ပထမအချီမှာပဲ နိုင်တယ်။ သူတို့က ကျွန်တော်နဲ့ကစားရမယ့် Victorio Senduk နဲ့ အရပ်အမောင်း၊ အလုံးအထည်အတူတူပဲ။ အဲဒီတော့ ကစားရတာ ပိုထိရောက်မှုရှိတယ်။ ကျွန်တော့်ကို လေ့ကျင့်ပေးတဲ့နည်းပြကလည်း ပွဲအတွက်သီးသန့်လေ့ကျင့်ပေးတာမျိုးရှိတယ်။ ဘယ်သန်ပုံစံရော ညာသန်ပုံစံရော ကျွန်တော့် ပြိုင်ဘက်ရဲ့ ကစားဟန်အားလုံးကို ဗီဒီယိုဖိုင်တွေကြည့်ပြီးတော့ လိုက်တုပြီးကစားပေးတယ်။ သူ့ရဲ့ အားနည်းချက်ကဘယ်လိုဆိုတာ ကြိုတင်ပြင်ဆင်မှုအပိုင်းသေချာလုပ်ပေးတယ်” ဖိုးသော်က လေ့ကျင့်ခဲ့ပုံများကို ပြန်လည်ပြောပြသည်။

ဖိုးသော်သည် ဘော့စတွန်တွင်နေထိုင်ခဲ့စဉ် လက်ဝှေ့နှင့် ပတ်သက်သည့်ဆွေးနွေးပွဲတစ်ခုလည်း ပြုလုပ်ခဲ့သေးကြောင်းသိရသည်။ အဆိုပါဆွေးနွေးပွဲသည် တစ်ဘက်တွင် အမေရိကန်မှ မြန်မာ့လက်ဝှေ့ကို စိတ်ဝင်စားသူများကို လက်ဝှေ့အကြောင်းပြန်လည်ဝေမျှခြင်းဖြစ်သလို တစ်ဘက်တွင်လည်း လေ့ကျင့်ရေးစရိတ် ပြန်လည်ကာမိအောင်စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဖိုးသော်ကရှင်းပြသည်။

“ကျွန်တော်ပြောဖို့ ခေါင်းစဉ်နှစ်ခုပေးတယ်။ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း၊ စည်းမျဉ်း စည်းကမ်း၊ နည်းစနစ်၊ လက်ရှိလက်ဝှေ့ရဲ့ ဖြစ်ပျက်နေတာတွေ၊ ဖြတ်သန်းမှုတွေ ဘယ်လိုအနေအထားရှိတယ် ဆိုတာတွေပြောရတယ်။ လူ (၂ဝ) ကျော် လောက်လာတက်တယ်။ အားလုံးကလည်းစိတ်ဝင်စားတယ်။ တကယ့် ဖိုက်တာအစစ်တွေ အများကြီးလာတက်တယ်။ မွေထိုင်း ကစားသမား၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံနည်းပြစတဲ့သူတွေ စိတ်ဝင်တစားလာတက်ကြတယ်။ အရမ်းလည်းသဘောကျတယ်။ မှတ်ချက် အကောင်းတွေပဲပေးကြတယ်။ နောက်ပြီး ကျွန်တော့်လူနေမှုဘဝနဲ့ တွန်းအားတွေအကြောင်းပြောရတယ်”ဟု ဖိုးသော်က ဆိုသည်။

ဖိုးသော်သည် ခရီးစဉ်တစ်လျှောက်တွင် အစားအသောက်အဆင်မပြေမှုကိုလည်း ကြုံတွေ့ခဲ့ရသည်။ မန်နေဂျာ Joe နှင့်အတူ သွားရောက်စားသောက်ခွင့်ရသည့်အချိန်များတွင် တရုတ်စားသောက်ဆိုင်၊ ဗီယက်နမ်စားသောက်ဆိုင်၊ ဂျပန်စားသောက်ဆိုင် စသဖြင့် ကောင်းစွာစားခွင့်ရသော်လည်း တစ်ယောက်တည်းစားရသည့်အခါများတွင် ဟော့ဒေါ့၊ ဟမ်ဘာဂါ၊ အသားညှပ် ပေါင်မုန့်၊ ချောကလက်စသည့် အစားအစာများဖြင့် တစ်နပ်စာကို ဖြေရှင်းလိုက်ရသည်ဟု ဖိုးသော်က ပြောပြသည်။

“သူတို့ဘက်ကတော့ ကျွန်တော့်ကို အရမ်းကြိုဆိုတယ်။ ကျွန်တော်နဲ့ ပတ်သက်ပြီးတော့ ဝမ်းပန်းတသာရှိတယ်။ ကျွန်တော့်ဆီက ပညာတွေအများကြီးရသလို ကျွန်တော့်ကို ပြန်သင်ပေးရတာကိုလည်း သူတို့တွေပျော်ကြတယ်။ ONE Championship မှာ ကျွန်တော့်ရဲ့ နေရာတစ်ခုရှိတဲ့အပေါ် သူတို့ကလည်းဂုဏ်ယူတယ်။ ဒီလိုလူမျိုး သူတို့ဆီမှာ လာလေ့ကျင့်တာဂုဏ်ယူတယ်။ ကျွန်တော်ဘာမှမသိတာတွေကို သင်ပေးတယ်။ ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးသင်ယူတယ်။ နောက်တစ်ခါလည်းလာခဲ့ပါတဲ့။ အချိန်မရွေးစပွန်ဆာပေးပါမယ်ဆိုပြီး ပြောကြတယ်”ဟု ဖိုးသော်က အဆိုပါခရီးစဉ်၏ ကောင်းကွက်များကိုလည်းပြောပြခဲ့သည်။

ခရီးစဉ်တစ်ခုလုံး၏ အမှတ်အရဆုံးဖြစ်ရပ်ကိုမေးမြန်းသည့်အခါ ဖိုးသော်က “အမှတ်ရတာဆိုလို့ ဘော့စတွန် လေဆိပ်ကိုသွားတော့ လူဝင်မှုကြီးကြပ်ရေးကိုဖြတ်တဲ့အခါ ပတ်စ်ပို့ကို စကန်ဖတ်ရတယ်။ နှစ်ခါဖတ်တာတောင် ကျွန်တော့်တိုင်းပြည်ကို အသိအမှတ်မပြုဘူးဆိုတဲ့စာပဲ ပေါ်လာတယ်။ အဲဒီမှာ ခေါင်းမီးတောက်ပြီး ပြာယာတွေ ခတ်ကုန်တာပေါ့။ Joe ကိုခေါ်ဖို့ကလည်း အမေရိကန်ဆင်းကတ်က မရှိဘူး။ အဲဒီအချိန်မှာသတိထားမိတာက သူတို့စကန်ဖတ်ခိုင်းတာ ဗီဇာစာမျက်နှာကိုဖတ်ခိုင်းတာ။ ကျွန်တော်က ပထမစာမျက်နှာကိုဖတ်နေတာ။ နောက်ဆုံးကျမှ ဗီဇာစာမျက်နှာကိုဖတ်လိုက်မှ အဲဒီနေရာကထွက်သွားလို့ရတယ်”ဟု ဖိုးသော်က ရယ်ရယ်မောမောဖြင့် ပြောပြခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top