ပုညစိုင်း၏ ဘုရင့်နောင်ဖောင်ဖျက်စိတ်ဓာတ်နှင့် အောင်မြင်မှုဘဝလမ်း

yyl-035.jpg

အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံဖွား နယူဇီလန်နိုင်ငံသား ပုညစိုင်းအဖို့ ယခုနှစ်သည် အမှတ်ရဖွယ်ရာ အောင်မြင်သောနှစ်တစ်နှစ် ဖြစ်သည်။ မိမိအိမ်မက်များကို အကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ်အစပိုင်းက နယူးဇီလန်နိုင်ငံမှ ထွက်ခွာခဲ့သော လူငယ်လေးသည် ယခုအခါ ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာအဖွဲ့အစည်းကြီးတွင် ယှဉ်ပြိုင်နိုင်လာနိုင်သော ကစားသမားတစ်ဦးဖြစ်လာပြီဖြစ်သည်။

ပုညစိုင်းအနေဖြင့် ယခုကဲ့သို့ အောင်မြင်လာရခြင်းမှာ ၎င်း၏ကြိုးစားမှု၊ အခွင့်အရေးကို စွန့်စားရယူလိုစိတ်၊ အခွင့်အခါကောင်းတိုက်ဆိုင်မှုတို့အားလုံး ပေါင်းစပ်မှု၏ ရလဒ်ဖြစ်သည်။ ပုညစိုင်း၏ဤခရီးလမ်းကို စတင်လျှောက်လှမ်းဖြစ်ခဲ့ခြင်းသည် ၎င်း၏ဆရာဖြစ်သူ Mike Ikilei ၏ ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်။ ပုညစိုင်းသည် ၎င်းလေ့ကျင့်နေသော လက်ဝှေ့အားကစားရုံပိတ်သိမ်းလိုက်သောအချိန်တွင် ၎င်းနှင့် ၎င်းအစ်ကိုသည် ထိုအချိန်က Ikilei ဖွင့်ထားသော အားကစားရုံတွင် လေ့ကျင့်ခွင့်ရရန် Ikilei ကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

ပုညစိုင်းနှင့် Ikilei တို့ နှစ်ဦးစလုံးသည် နယူးဇီလန်နိုင်ငံ၏အကြီးဆုံးမြို့တော် Auckland ၏ ဆင်ခြေဖုံးမြို့လေးဖြစ်သည့် Glen Innes တွင် ကြီးပြင်းခဲ့ကြသူများဖြစ်ကာ ကိုယ်ခံပညာကို ချစ်မြတ်နိုးသောစိတ်ကြောင့် ပိုမိုရင်းနှီးခဲ့ကြသည်။ ယခုနှစ်အစောပိုင်းက Ikilei သည် Bali MMA တွင် တိုက်ခိုက်ရေးနည်းပြအဖြစ်ဆောင်ရွက်ရန် နယူးဇီလန်မှ ထွက်ခွာသွားခဲ့သည်။ အားကစားခန်းမသို့ရောက်ရှိပြိးမကြာခင်တွင်ပင် Ikilei က ၎င်းတွေ့မြင်ရသောအရာများကို သဘောကျသောကြောင့် ၎င်း၏ တပည့်ဟောင်းဖြစ်သူ ပုညစိုင်းကို အင်ဒိုနီးရှားကျွန်းသို့ လာရောက်လေ့ကျင့်ရန်ဖိတ်ကြားခဲ့သည်။

ပုညစိုင်းသည် ဖိတ်ကြားမှုကို လက်ခံလိုက်ကာ ယခုအခါ အရှေ့တောင်အာရှ၏ ထိပ်တန်းကိုယ်ခံပညာအားကစားရုံများထဲတွင် တစ်ခုအပါအဝင်ဖြစ်လာသည့် Bali MMA သို့ ထွက်ခွာလာခဲ့သည်။ “ကျွန်တော် Bali ကိုလာရတဲ့ ရည်ရွယ်ချက်က ကျွန်တော်ရဲ့ မြေပြင်ကစားကွက်တွေကို တိုးတက်အောင်လေ့ကျင့်ဖို့နဲ့ တခြားသူတွေ ထိုးနှက်ကစားတဲ့နေရာမှာ ကူညီပေးဖို့ပါ။” ဟု ၎င်း Bali ကို ပြောင်းရွေ့ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။

ထိုသို့နေလာခဲ့ရာ Rich Franklin နှင့် ONE Warrior Series အဖွဲ့သည် ONE ပြိုင်ပွဲများအတွက် အရည်အချင်းရှိသော ပြိုင်ပွဲဝင်သစ်များကိုရှာဖွေရန် ပုညစိုင်းရှိရာ အားကစားရုံသို့ ရောက်ရှိလာသောအခါတွင် အရာအားလုံးပြောင်းလဲခဲ့သည်။ ၎င်းတို့လာရောက်တွေ့ဆုံသောအားကစားသမားများထဲတွင် ပုညစိုင်းသည် ပါဝင်ခြင်းမရှိသော်လည်း၊ ပုညစိုင်း၏ လက်ဝှေ့လေ့ကျင့်မှုကို တွေ့ရှိခဲ့ပြီးနောက် ပုညစိုင်းသည် ONE ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ထိုက်တန်သူဖြစ်ကြောင်း သိရှိခဲ့ကြသည်။ “သူတို့ ကျွန်တော်ကို ဖိတ်ဖို့လာတာမဟုတ်ပေမယ့် သူတို့နဲ့စာချုပ်ချုပ်ဖို့ ရွေးလိုက်တဲ့သူက ကျွန်တော်ဖြစ်နေတော့ တော်တော် အံ့ဩသွားတယ်” ဟု ပုညစိုင်းက ပြောသည်။

ပုညစိုင်းအနေဖြင့် ယခုကဲ့သို့ ကစားသမားဘဝလမ်းကြောင်းပေါ်သို့ရောက်ရှိလာနိုင်ခြင်းမှာ ONE Warrior Series တွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ “ကျွန်တော်ဖြစ်ချင်တာကိုလုပ်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်။ ကျွန်တော်က ဆုံးဖြတ်ချက်အတိုင်း စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်မယ်ဆိုရင် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာ သိနေခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ပုညစိုင်းသည် OWS နှင့် စာချုပ်ချုပ်ဆိုပြီး ၂ပွဲ ယှဉ်ပြိုင်ခဲ့ကာ ၂ပွဲလုံးကို ပထမအချီတွင်ပင် အနိုင်ရရှိခဲ့သည်။ ယခုနှစ်သည်ပုညစိုင်းအတွက် လူငယ်တစ်ယောက်အနေနှင့်ရော ကစားသမားတစ်ယောက်အနေနှင့်ပါ အောင်မြင်သောနှစ်တစ်နှစ်ဖြစ်ခဲ့သည်။ OWSနှင့်စာချုပ်ချုပ်ဆိုပြီးနောက် Rich Franklin သည် ပုညစိုင်းကို မြန်မာပြည်သို့ အလည်အပတ်သွားရောက်ခွင့်ပေးကာ၊ ကလေးဘဝကတည်းက နိုင်ငံမှ ထွက်ခွာလာသောကြောင့် လူချင်းမတွေ့ခဲ့ဖူးသော ဆွေမျိုးများနှင့်တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့သည်။ “ရွာခံကလေးတွေနဲ့ ကျွန်တော့်ဆွေမျိုးထဲကကလေးတွေအတွက် လက်ဝှေ့အိတ်ကိုင်ပေးခဲ့ရသေးတယ်” ဟု ပုညစိုင်းက ၎င်း၏ခရီးစဉ် အတွေ့အကြုံကိုမျှဝေရင်း ပြောပြခဲ့သည်။

၁၉နှစ်အရွယ် ပုညစိုင်းသည် ယခုအချိန်တွင် ၎င်း၏အရည်အချင်းတိုးတက်အောင် ကြိုးစားနေရသော ကာလဖြစ်သော်လည်း နောင်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၊ Auckland နှင့် ၎င်းနေထိုင်ခဲ့ရာဒေသများအတွက် ဂုဏ်ဆောင်ပေးနိုင်တော့မည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top