မနက်ဖြန်ကနေစတင်ပြီး ထပ်မံကြေညာမယ့် မဲစာရင်းတွေကို အွန်လိုင်းကနေကြည့်ရှုစစ်ဆေးနိုင်

30-9-2020-yyl-007.jpg

ရန်ကုန် စက်တင်ဘာ ၃၀

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ်အဖြစ်ကြေညာပေးမယ့် မဲဆန္ဒရှင်စာရင်းတွေကို အွန်လိုင်းကနေတစ်ဆင့် ကြည့်ရှုစစ်ဆေးနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုတွေအရ ထပ်မံစိစစ်ပြုစုထားတဲ့ မဲဆန္ဒရှင်စာရင်းတွေကို အောက်တိုဘာ ၁ ရက်(မနက်ဖြန်)ကနေ ၁၄ ရက်အထိ နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကြေညာ သွားတော့မှာ ဖြစ်ပါတယ်။

အဲဒီမဲစာရင်းတွေကို အွန်လိုင်းကနေ ကြည့်ရှုစစ်ဆေးနိုင်ဖို့အတွက် ကွန်ပျူတာ ဒါမှမဟုတ် မိုလ်ဘိုင်းဖုန်းရဲ့ browser မှာ https://findyourpollingstation.uec.gov.mmလို့ ရိုက်ထည့်ပြီးတော့ မိမိရဲ့ တိုင်း၊ ပြည်နယ်နဲ့ မြို့နယ် အမည်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်ပြီးရင် မိမိရဲ့ မှန်ပုံတင်နံပါတ်ဖြစ်စေ၊ မွေးသက္ကရာဇ်ဖြစ်စေ တစ်ခုခုကို ဖြည့်သွင်းစစ်ဆေးရမှာ ဖြစ်ပြီးတော့ အချက်အလက်တွေဖြည့်သွင်းတဲ့နေရာမှာ ယူနီကုဒ်ဖောင့်ကို အသုံးပြုကြရမှာဖြစ်ပါတယ်။

တကယ်လို့ မဲဆန္ဒရှင်စာရင်းမှာ မိမိအမည်မပါဘူး ဒါမှမဟုတ် ကိုယ်ရေးအချက်အလက်တွေ မှားယွင်းနေရင် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေထံသွားရောက်ပြီးတော့ လိုအပ်တဲ့ပုံစံတွေ တောင်းယူ ဖြည့်စွက်ရမှာဖြစ်ပါတယ်။

အခုလို အွန်လိုင်းကနေကြည့်ရှုစစ်ဆေးရာမှာ ကြည့်ရှုစစ်ဆေးသူဦးရေ များပြားနိုင်တဲ့အတွက် အဆင်မပြေမှု တွေ ဖြစ်ပေါ်ပါကလည်း နောက်တစ်ကြိမ် ထပ်မံကြိုးစားပေးကြပါလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ဇူလိုင် ၂၅ ရက်ကနေ ဩဂုတ်လ ၁၄ ရက်အထိ ၂၁ ရက်ကြာ ကပ်ထားပြီး ကြေညာ ပေးခဲ့တာဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top