မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပမည်

Mahatma-Gandi.jpg

ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုတွေကို တစ်ကမ္ဘာလုံး အတိုင်း အတာအနေနဲ့ ကျင်းပနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း အထိမ်းအမှတ်ပွဲတော်တစ်ခုကျင်းပသွားမယ်လို့ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ရွှေက ပြောပါတယ်။
အဲဒီပွဲတော်မှာ နံ့သာဖြူသစ်ပင်စိုက်ပျိုးပွဲ၊ ဓာတ်ပုံပြပွဲ၊ လမ်းလျှောက်ပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ၊ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ သွေးလှူဒါန်းပွဲ စတာတွေ ပါဝင်မှာ ဖြစ်တဲ့အတွက် မဟတ္တမဂန္ဒီကို လေးစားသူ မည်သူမဆို ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

”ရက်ကတော့ အတိအကျမရှိဘူး။ စက်တင်ဘာတစ်လလုံးမှာ လှုပ်ရှားဆောင်ရွက်သွားမယ်။ မြန်မာ နိုင်ငံမှာ အခုလိုပွဲတော်ကို နှစ်(၁၀၀)ပြည့်တုန်းက တစ်ခါလုပ်ခဲ့ဖူးပါတယ်။ အဓိကကတော့ မဟတ္တမဂန္ဒီရဲ့ အကြမ်း မဖက်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို သတိရကြစေဖို့ပါ”လို့ ဦးမောင်ရွှေက ပြောပါတယ်။
နံ့သာဖြူသစ်ပင်တွေကိုတော့ နေပြည်တော်နဲ့ ရန်ကုန်တို့မှာ စိုက်ပျိုးသွားမှာဖြစ်ပြီး စာစီစာကုံးနဲ့ ပန်းချီ ပြိုင်ပွဲကို အခြေခံအဆင့်နဲ့ အဆင့်မြင့်ဆိုပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတွေအတွက် ပြိုင်ပွဲဝင်စာမူတွေကိုတော့ သြဂုတ် ၃၁ ရက် နောက်ဆုံးထားပေးပို့ဖို့ ကြေညာထားပါတယ်။

သွေးလှူဒါန်းပွဲကို စက်တင်ဘာ ၈ ရက်နေ့၊ စာတမ်းဖတ်ပွဲနဲ့ ဟောပြောပွဲကို စက်တင်ဘာ ၂၁ ရက်နေ့၊ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့၊ ဓာတ်ပုံပြပွဲကို စက်တင်ဘာ ၂၉ ရက်နေ့၊ လမ်းလျှောက်ပွဲကို အောက်တိုဘာ ၂ ရက်နေ့တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့ဟာ ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဒီရဲ့ နှစ်(၁၅၀)ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှာ မဟတ္တမဂန္ဒီ မွေးနေ့အထိမ်းအမှတ်ပွဲတွေကို ပြုလုပ် သွားမှာဖြစ်ပါတယ်။
ဓါတ်ပုံ – အင်တာနက်

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top