သိရှိမှတ်သားထားဖွယ်ရာ စကားကြီး (၁၀) မျိုး

10.8.2019.jpg

စကားပြောဆိုတဲ့အခါ ကျွမ်းကျင်လိမ္မာစွာပြောဆိုတဲ့နည်းလမ်းအသွယ်သွယ်ကို စကားကြီး (၁၀) မျိုးရယ်လို့ မြန်မာစာ မြန်မာစကားနယ်ပယ်မှာ ခွဲခြားသတ်မှတ်ထားပါတယ်။ အဲဒီ စကားကြီး (၁၀) မျိုးကတော့ –

၁။ ရေကူးညာတင် ပြောနည်း ၂။ ကောက်ပင်ရိတ်လှီး ပြောနည်း ၃။ ရေစီးဖောင်ဆန် ပြောနည်း ၄။ အိုးတန်ဆန်ခပ် ပြောနည်း ၅။ ဆီပွတ်ကျည်ပွေ့ပြောနည်း ၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း ၇။ တောင်သူယာခုတ် ပြောနည်း ၈။ ကြက်ဆုပ်ခွပ်ပစ် ပြောနည်း ၉။ ရေစစ်ကရား ရေသွားသောသွင် ပြောနည်း ၁၀။ ခတ်တင်မောင်းနင်း ပြောနည်း တို့ပဲဖြစ်ပါတယ်။

ဖော်ပြပါ စကားကြီး (၁၀) မျိုးရဲ့အနက်ကို စာဖတ်ပရိသတ်တွေ သိရှိမှတ်သားထားနိုင်စေဖို့ ဒီတစ်ပတ် “မြန်မာစာ မြန်မာစကား” ကဏ္ဍမှာတင်ဆက်ပေးလိုက်ပါတယ်။

(၁) ရေကူးညာတင် ပြောနည်း

ကိုယ်ဆိုလိုချင်တဲ့ လိုရင်းကိုရောက်အောင် အထက်ကနေတင်ကူးပြောဆိုတာမျိုးကို `ရေကူးညာတင်ပြောနည်း´လို့ ခေါ်ပါတယ်။ “ဒူးလောက်တင်မှ ရင်လောက်ကျ” ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်နဲ့ ဆင်တူပါတယ်။

(၂) ကောက်ပင်ရိတ်လှီး ပြောနည်း

စပါးရိတ်တဲ့အခါ ကောက်ပင်တွေကို လက်တစ်ဘက်ကဆုပ်ကိုင်ပြီး တံစဉ်နဲ့ အရင်းကနေတိကနဲဖြတ်ကာ ရိတ်ယူရပါတယ်။ ဒီသဘောနည်းတူ တစ်ဘက်လူရဲ့စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်ပြီးပိုင်အောင်ပြောတာမျိုးကို `ကောက်ပင်ရိတ်လှီး ပြောနည်း´လို့ ခေါ်ပါတယ်။

(၃) ရေစီးဖောင်ဆန် ပြောနည်း

အလိုရှိသမျှအရာအားလုံးကိုတင်ပြီး မြစ်ကိုဆန်တက်နေတဲ့ဖောင်တစ်စင်းဟာ ဖြည်းညင်းစွာဆန်တက်မှပဲ လိုရာအရပ်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီသဘောနည်းတူ စကားအရာမှာလည်း ဥပမာ၊ ဥပမေယျတွေသုံးပြီး လိုရာရောက်အောင် ပျော့ပျော့ပျောင်းပျောင်းပြောဆိုတာမျိုးကို `ရေစီးဖောင်ဆန် ပြောနည်း´လို့ ခေါ်ပါတယ်။

(၄) အိုးတန်ဆန်ခပ် ပြောနည်း

အိုးနဲ့ ဆန်ကို တန်အောင်တိုင်းထွာပြီးချက်တတ်ရင် နူးနပ်တဲ့ထမင်းကို ရနိုင်ပါတယ်…။ ဒီသဘောနည်းတူ စကားအရာမှာလည်း မယုတ်မလွန်နဲ့ လိုရင်းရောက်အောင်ပြောဆိုတာမျိုးကို `အိုးတန်ဆန်ခပ် ပြောနည်း´လို့ ခေါ်ပါတယ်။

(၅) ဆီပွတ်ကျည်ပွေ့ ပြောနည်း

ဆီရအောင်ပွတ်တဲ့အခါ အထပ်ထပ်အခါခါ ပွတ်ရတတ်တဲ့သဘောနည်းတူ ကိုယ်လိုရာနဲံဆက်စပ်တဲ့စကားကို အထပ်ထပ်ပြောဆိုတာမျိုးကို `ဆီပွတ်ကျည်ပွေ့ ပြောနည်း´လို့ ခေါ်ပါတယ်။

(၆) ဆင်ဝှေ့ရန်ရှောင် ပြောနည်း

ဆင်တစ်ကောင်လိုက်ဝှေ့တာကြောင့် ဘေးလွတ်ရာကို ပြေးရ ရှောင်တိမ်းရတဲ့အခါ အတည့်ပြေးလို့ မလွတ်ပါဘူး။ ကွေ့ကောက်ပြီးပြေးမှသာ လွတ်နိုင်တာပါ။ ဒီသဘောနည်းတူ စကားအရာမှာလည်း ကိုယ့်ဆီ ဘေးကျရောက်လာနိုင်မယ့်စကားမပြောမိအောင် ရှောင်လွှဲပြောဆိုတာမျိုးကို `ဆင်ဝှေ့ရန်ရှောင် ပြောနည်း´လို့ ခေါ်ပါတယ်။

(၇) တောင်သူယာခုတ် ပြောနည်း

တောင်သူတွေ ယာခုတ်တဲ့အခါ ချုံငယ်၊ သစ်ပင်ငယ်တွေကို အရင်ဆုံးရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးတွေကို ခုတ်လှဲတတ်ကြပါတယ်။ ဒီသဘောနည်းတူ စကားအရာမှာ စကားငယ်တွေကို ပထမဆုံးပြောပြီးခါမှ စကားကြီးတွေဖိပြောပြီးအနိုင်ယူတာမျိုးကို `တောင်သူယာခုတ် ပြောနည်း´လို့ ခေါ်ပါတယ်။

(၈) ကြက်ဆုတ်ခွပ်ပစ် ပြောနည်း

ကြက်တွေရဲ့ သဘောက ခွပ်မယ့်ဟန်ပြုလိုက်၊ နောက်ကိုဆုတ်ဟန်ပြလိုက်နဲ့ တကယ်ခွပ်တဲ့အခါမှသာ စီးပြီးခွပ် တတ်တာမျိုးဖြစ်ပါတယ်။ ဒီသဘောနည်းတူ စကားအရာမှာလည်း တစ်ဘက်လူရဲ့အလိုကို လိုက်တန်သရွေ့ လိုက်ပြီး တင်စီးပြောနိုင်တဲ့အခါမျိုးမှ စီးပြောခြင်းကို `ကြက်ဆုတ် ခွပ်ပစ် ပြောနည်း´လို့ ခေါ်ပါတယ်…။

(၉) ရေစစ်ကရား ရေသွားသောသွင် ပြောနည်း

ရေစစ်တဲ့ ဓမ္မကရိုဏ်ကို ရေမှာနှစ်ထားပြီး ရေပြည့်တဲ့အခါ အပေါက်ကိုလက်နဲ့ပိတ်ယူရင် ရေထွက်မကျနိုင်သလိုပဲ တစ်ဘက်လူရဲ့စကားကို ပိတ်မိသွားအောင်ပြောဆိုတာမျိုးကို `ရေစစ်ကရား ရေသွားသောသွင် စကားပြောနည်း´ ခေါ်ပါတယ်။

(၁၀) ခတ်တင်မောင်းနင်း ပြောနည်း

တစ်ဘက်လူရဲ့စကားကို ဟုတ်တယ် လို့လည်းမဆို၊ မဟုတ်ဘူး လို့လည်းမဆိုဘဲ၊ မတင်မကျ ပြောလိုက်တာမျိုးကို `ခတ်တင်မောင်းနင်း ပြောနည်း´လို့ ခေါ်ပါတယ်။

ဆောင်းပါးအပြည့်အစုံ –

Ref: Wikipedia
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top