အော်ရန်ဂတန်မျောက်များဟာ အတိတ်ကို ပြန်ပြောပြနိုင်တဲ့ တစ်ခုတည်းသော တိရစ္ဆာန်မျိုးစိတ် ဖြစ်ပါတယ်

IMG_7027-1152x661.jpg

ခွေးများ၊ ကြောင်များ၊ ငါးများဟာ ပြီးခဲ့တဲ့အဖြစ်အပျက်များ၊ အတိတ်များကို ပြန်လည်ပြောမပြနိုင်ကြပါဘူး။ ကျွန်တော်တို့လူသားများသာ လုပ်နိုင်တယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ အခုလေ့လာမှု အသစ်တစ်ခုအရ ဒီအချက်ကို ပြောင်းလဲပစ်ရတော့မလိုပါပဲ။ အော်ရန်ဂတန် (Orangutan) မျောက်အမေကြီးများဟာ သူတို့ကို အန္တရာယ်ပေးနိုင်တဲ့ သားရဲတိရစ္ဆာန်တစ်ကောင် ပျောက်သွားပြီဆိုရင် နောက် (၇) မိနစ်ကြာသည်အထိ စောင့်ဆိုင်းပြီးမှ အချင်းချင်း ပြောပြလေ့ရှိပါတယ်။

အော်ရန်ဂတန်မျောက်များဟာ သူတို့အချင်းချင်း တပ်လှန့်တဲ့ အသံတစ်မျိုး ရှိပါတယ်။ ဒီအသံဟာ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးကိုခေါ်သလိုမျိုး “ကျွတ် ကျွတ်” ဆိုတဲ့ အသံလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ အချင်းချင်း သတိပေးသလိုဖြစ်ပေမဲ့ သူတို့ကို ချောင်းနေတဲ့ သားရဲတိရစ္ဆာန်ဟာလည်း သူ့ကို မျောက်များတွေ့သွားပြီဆိုတာကို သိသွားပါလိမ့်မယ်။ ဒါကြောင့် မျောက်မကြီးများဟာ ချက်ချင်း အသံမပေးသေးပဲ (၇) မိနစ်ခန့် စောင့်ပြီးမှ အနားမှာ သားရဲတစ်ကောင်ရှိတယ်ဆိုပြီး ပြန်လည် ပြောပြသတိပေးပါတယ်။

ဆူမားတြားဒေသမှာရှိတဲ့ တောတစ်ခုအတွင်းမှာ သတ္တဗေဒပညာရှင်များဟာ သူတို့ရဲ့ စမ်းသပ်မှု အသေးစားလေးတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ ကျားကဲ့သို့သော အစင်းများပါတဲ့ ဝတ်ရုံ တစ်ခုကို ဝတ်ပြီး (၂) မိနစ်ခန့် ကုန်းကုန်းကွကွ လျှောက်သွားကြပါတယ်။ အဲဒီအချိန်မှာ သစ်ပင်ပေါ်မှာ မျောက်အမေကြီး ရှိနေပါတယ်။

ဒီလိုလုပ်တာဟာ ရယ်စရာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အလုပ်ဖြစ်တာကိုလည်း တွေ့ရပါတယ်။ သိပ္ပံပညာရှင်များဟာ အခုလို ကြိမ်ဖန်များစွာလုပ်ပေမဲ့ တစ်ကြိမ်မှာသာ “ကျွတ် ကျွတ်” ဆိုတဲ့အသံကို ချက်ချင်းကြားရပါတယ်။ ကျန်တဲ့အချိန်များမှာတော့ ချက်ချင်းမဟုတ်ပဲ မိနစ်အနည်းငယ် (ပျမ်းမျှ ၇ မိနစ်ခန့်) ကြာမှသာ “ကျွတ် ကျွတ်” ဆိုပြီး အချင်းချင်း သတိပေးကြတာကို တွေ့ရပါတယ်။

အဲဒီအထဲမှာမှ သတိအထားမိဆုံးကတော့ မျောက်မအိုကြီးတစ်ကောင်ဖြစ်ပြီး သူဟာ ကျားအရေခွံခြုံပြီး ကုန်းကုန်းကွကွ သွားနေတဲ့ သိပ္ပံပညာရှင်များကို တွေ့တာနဲ့ သူလုပ်နေတာကို ချက်ချင်းရပ်လိုက်ပြီးတော့ ကလေးငယ်ကို ပွေ့ချီလိုက်ပါတယ်။ ပြီးတော့ တဖြည်းဖြည်းချင်းနဲ့ အပင်ပေါ်ကို တက်သွားပါတယ်။ (၂) မိနစ်လောက်အကြာမှာ “ကျွတ် ကျွတ်” ဆိုတဲ့ အသံကိုပြုပါတယ်။ သူဟာ စိတ်ရှည်ရှည်နဲ့ အပင်ပေါ်မှာရှိနေပြီး (၁) နာရီလောက် ကြာသည်ထိ “ကျွတ် ကျွတ်” ဆိုတဲ့အသံကို မိနစ်အနည်းငယ်ကြာတိုင်း လုပ်နေခဲ့ပါတယ်။

အော်ရန်ဂတန်မျောက်များဟာ အသိဉာဏ်မြင့်တယ်ဆိုတာကို သိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို အတိတ်က ဖြစ်ရပ်တစ်ခုကို ပြန်သတိရပြီး ပြောဆို ဆက်သွယ်နေတယ်ဆိုတာကိုတော့ အခုမှ သိရခြင်း ဖြစ်ပါတယ်။ အခုလို အန္တရာယ်ကို သတိပေးခြင်းအပြင် အခြားကိစ္စများကိုလည်း ပြောပြဖူးကြလိမ့်မယ်လို့ ထင်နိုင်ပါတယ်။ သူတို့ကို သေသေချာချာလေ့လာမယ်ဆိုရင် တစ်ချိန်က မျောက်မျိုးနွယ်တစ်ခုသာဖြစ်ခဲ့တဲ့ ကျွန်တော်တို့လူသားများ ဟာလည်း ဘာသာစကားဆိုတာကို ဘယ်လို စတင်ပိုင်ဆိုင်လာကြသလဲဆိုတာပါ လေ့လာနိုင်ပါလိမ့်မယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top