စွန့်ပစ် အညစ်အကြေးများကြောင့် အပြာရောင်ပြောင်းလဲသွားတဲ့ ခွေး

20768109_1363780970385712_9182233504068864536_n.jpg

အိန္ဒိယနိုင်ငံ အနောက်ပိုင်းကမ်းရိုးတန်းမှာ တည်ရှိတဲ့ မွမ်ဘိုင်း (ယခင်ဘုံဘေမြို့) တွင် ဩဂုတ်လ ၁၁ ရက်ကတည်းက ထူးထူးခြားခြား အရောင်ပြောင်းနေတဲ့  ခွေးများကို စတင်တွေရှိခဲ့ရပါတယ်။

ဒီလို လမ်းဘေးခွေးတွေ အရောင်ပြောင်းလဲရတဲ့ အကြောင်းရင်းဟာ စက်ရုံ စွန့်ပစ်ပစ္စည်းများကြောင့်ဖြစ်ပြီး အခုဆိုရင် မွမ်ဘိုင်းမြို့သားများက အာဏာပိုင်များကို တိုင်တန်းခဲ့တဲ့အတွက် မွမ်ဘိုင်းမြို့ အာဏာပိုင်အဖွဲ့ဟာ မသန့်စင်ရသေးတဲ့ စက်ရုံစွန့်ပစ်ပစ္စည်းများကို မြစ်ထဲတာဝန်မဲ့စွာ သွန်ချခဲ့တဲ့ ကုမ္ပဏီတစ်ခုကို ပိတ်ခဲ့ပါတယ်။ ဒီစက်ရုံဟာ အခုလို စွန့်ပစ်ပစ္စည်းများနဲ့ ဆိုးဆေးများကို မြစ်ထဲ တာဝန်မဲ့ သွန်ချခဲ့တဲ့အတွက် စုစုပေါင်း ခွေး ၁၁ ကောင်ခန့် အပြာရောင် ပြောင်းလဲသွားခဲ့ပါတယ်။

ဟင်ဒူစတန်တိုင်း သတင်းစာအရ ထူးထူးခြားခြား အရောင်ပြောင်းလဲနေတဲ့ ခွေး ၁၁ ကောင်ကို ဩဂုတ်လ ၁၁ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ဒေသခံများဟာ တိရစ္ဆာန်တွေ ရေကူးလေ့ရှိတဲ့ ကာဆာဒီမြစ် (Kasadi) မှာ စွန့်ပစ်ပစ္စည်းများနဲ့ ဆိုးဆေးများကို တာဝန်မဲ့ စွန့်ပစ်ခဲ့တဲ့ ကုမ္ပဏီကို အရေးယူပေးဖို့ မဟာရသျှတရ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ထိန်းချုပ်ရေးအဖွဲ့ (Maharashtra)ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုတွေထဲမှာတော့ ခွေးများဟာ တောင်ပတဲ့ အပြာရောင်အမွှေးတွေနဲ့ လမ်းမမှာ ဟိုပြေးဒီပြေး လုပ်နေတာကိုတွေ့ရမှာဖြစ်ပြီး “ခွေးတွေရဲ့ အဖြူရောင် အမွှေးတွေက အခုလို အပြာရောင် တောက်တောက်ပြောင်းသွားတာကိုမြင်ရတော့ ကျွန်တော်တော်တော် လန့်သွားပါတယ်။ ဒီလို အပြာရောင်ခွေး ၅ ကောင်ကို ကျွန်တော်တို့ထပ်တွေ့ ခဲ့ပြီးတဲ့နောက်မှာတော့ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ထိန်းချုပ်ရေးအဖွဲ့ကို ဒီလိုစည်းကမ်းမဲ့စွန့်ပစ်တဲ့ စက်ရုံကို အရေးယူပေးဖို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။” လို့ မွမ်ဘိုင်းမြို့ တိရစ္ဆာန် ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အာရတီ ချာဟန် (Arati Chauhan)က Time သတင်းစာကိုပြောခဲ့ပါတယ်။

https://www.youtube.com/watch?v=AlcgNGVRxsw

မွမ်ဘိုင်းမြို့ တစ်ဝိုက်စက်ရုံများကြောင့် ရေအရင်းအမြစ် ပျက်ဆီးနေရုံသာမက လူသားများ၊ တိရစ္ဆာန်များ၊ ငှက်များနဲ့ တွားသွားသတ္တဝါအများစု ထိခိုက်နေရပြီး ဩဂုတ်လ ၁၆ ရက်မှာတော့ တာလိုဂျာ စက်မှုဇုံ ဧရိယာမှ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့တဲ့ စက်ရုံကို လုံးဝပိတ်သိမ်းခဲ့ပါတယ်။ အပြာရောင်ခွေးများကိုတော့ တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့များမှ လိုက်ဖမ်းကာ အပြာရောင်ဆိုးဆေးများ ကျွတ်သွားအောင် တိုက်ချွတ်ရေချိုးပေးခဲ့ပြီး ခွေးများက ကြီးကြီးမားမားထိခိုက်မှုတော့ မရှိဘူးလို့သိရပါတယ်။ NGO အဖွဲ့အစည်းများရဲ့ စာရင်းများအရ မွမ်ဘိုင်းမြို့တစ်ဝိုက်မှာ ဓာတုစက်ရုံ၊ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ ဆောက်လုပ်ရေးစက်ရုံများနဲ့ အစားအစာထုတ်လုပ်ရေးစက်ရုံ ၉၇၇ ခန့်ရှိတယ် လို့ဆိုထားပါတယ်။

Ref : Guardian News :  The blue dogs of Mumbai: industrial waste blamed for colourful canines

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top