အမြွှာပူးမွေးလွန်းတဲ့အမျိုးသမီး ရင်သွေး (၃၈) ယောက်ကို ကျွေးမွေးဖို့ အခက်တွေ့နေ

59458798_2356812837682956_3486751942355451904_n.jpg

အသက် (၁၂) နှစ်အရွယ်မှာအိမ်ထောင်ကျခဲ့ပြီး တစ်နှစ်အကြာမှာပဲ အမြွှာရင်သွေး နှစ်ဦး မွေးဖွားခဲ့တဲ့ ယူဂန်ဒါအမျိုးသမီးဟာ အမြွှာပူးတွေပဲ မွေးဖွားခဲ့လို့ အခုအခါမှာ သားသမီး (၃၈) ယောက်အထိ ရှိနေပြီး ခင်ပွန်းသည်ကစွန့်ပစ်သွားချိန်မှာ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ အခက်တွေ့နေပါတယ်။

နာဘာတန်ဇီဟာ ၂ မြွှာပူး (၆) ကြိမ်၊ ၃ မြွှာပူး (၄ ) ကြိမ်၊ ၄ မြွှာပူး (၅) ကြိမ် မွေးဖွားခဲ့သူပါ။ သားသမီးတချို့ ကွယ်လွန်သွားပေမဲ့ သားသမီး (၃၈) ယောက်အထိ အဖတ်တင်ကျန်ရစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်မှာတော့ သူ့ခင်ပွန်းက နာဘာတန်ဇီကို စွန့်ပစ်သွားခဲ့ပါတယ်။ နာဘာတန်ဇီနဲ့ သားသမီးတွေဟာ ကမ်ပါလာမြို့မြောက်ဘက် (၃၁) မိုင်အကွာမှာရှိပြီး ကော်ဖီခင်းတွေ ဝိုင်းရံထားတဲ့ရွာမှာ အိမ် (၄) လုံးနဲ့ နေထိုင်ကြပါတယ်။ အာဖရိကတိုက်မှာ နေထိုင်သူတွေက မိသားစုအရွယ်အစား ကြီးမားကြပါတယ်။

အမျိုးသမီးတစ်ယောက်ကို ပျမ်းမျှ ကလေး (၅.၆) ယောက် မွေးဖွားတဲ့ ယူဂန်ဒါနိုင်ငံကတော့ အာဖရိကတိုက်မှာ ကလေးမွေးဖွားနှုန်း အမြင့်ဆုံးပါပဲ။ ယူဂန်ဒါလို ကလေးမွေးဖွားမှုနှုန်းမြင့်မားတဲ့နိုင်ငံမျိုးမှာတောင် နာဘာတန်ဇီတို့မိသားစုက အကြီးဆုံးပါပဲ။ နာဘာတန်ဇီဟာ ပုံမှန်ထက် သားအိမ်ကြီးလို့ ဆရာဝန်က သူ့ကို သန္ဓေတားဆေး မသောက်ခိုင်းပါဘူး။ သန္ဓေတားဆေးသောက်ရင် သူ့အတွက်အန ္တရာယ်ဖြစ်နိုင်တယ်ဆိုလို့ နာဘာတန်ဇီက သန္ဓေတားဆေး မသောက်ပါဘူး။ ဒါဟာ ကလေး (၃) ဒါဇင်ကျော် မွေးဖွားခဲ့တဲ့ အကြောင်းရင်းတစ်ရပ်ပါ။

တကယ်တော့ နာဘာတန်ဇီကိုယ်တိုင်ကလည်း မိသားစုသိုက်သိုက်ဝန်းဝန်း နေချင်သူပါ။ သူ ငယ်ရွယ်စဉ်မှာ သူ့အမေက သူ့အဖေနဲ့ သူတို့မောင်နှမ (၅) ယောက်ကို စွန့်ပစ်သွားခဲ့ပါတယ်။ သူ့အမေက နောက်အိမ်ထောင်ထပ်ပြုလို့ မိထွေးနဲ့ နေခဲ့ရပြီး မိထွေးက သူ့မောင်နှမတွေကို အဆိပ်ခတ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့စားမယ့် စားစရာထဲမှာ ဖန်ကွဲစတွေ ရောထည့်ထားလို့ သူ့မွေးချင်းမောင်နှမ (၅) ယောက်လုံး သေဆုံးခဲ့ပေမဲ့ နာဘာတန်ဇီကတော့ အမျိုးအိမ်သွားလည်နေလို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ သူ့ငယ်စဉ်ဘဝမှာ ခက်ခဲကြမ်းတမ်းမှုတွေကြုံခဲ့ရတဲ့ နာဘာတန်ဇီကတော့ သူ့သားသမီးတွေ သူ့လိုအဖြစ်မျိုးမကြုံရဘဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ အမြဲကြိုးစားနေတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top