ရင်သွေးငါးဦးကို လူလားမြောက်အောင် ပျိုးထောင်ခဲ့ပြီးချိန်၊ အသက် (၇၇) နှစ်အရွယ်ရောက်လို့ အလုပ်ကနေ အငြိမ်းစားယူပြီးချိန်မျိုးမှာ အေးအေးလူလူ နေတော့မယ်ဆိုရင် ဘယ်သူကမှ အပြစ်ဆိုနေမှာမဟုတ်ပေမဲ့ ဂျဲနတ် ဖီးန် (Janet Fein) ကတော့ အနားယူဖို့ စိတ်ကူးမရှိသေးပါဘူး။ အခုဆိုရင် အသက် (၈၄) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဖီးန်က ဒဲလက်စ်က တက္ကဆက် တက္ကသိုလ်ကနေ လူမှုဗေဒ ဘာသာရပ် အထူးပြုဘွဲ့ကို ယူပြီး သူ့ရဲ့ ကာလရှည် ရည်မှန်းချက်တစ်ခုကို ပြီးမြောက်စေတော့မှာ ဖြစ်ပါတယ်။
ဖီးန်က “အငြိမ်းစားယူပြီးသွားတော့ ကျွန်မမှာ ဘာမှ မယ်မယ်ရရ လုပ်စရာလည်း ရှိမနေခဲ့ဘူး။ အလကား ထိုင်နေတာမျိုးလည်း မလုပ်နေချင်ဘူးလေ” လို့ ဆိုခဲ့ပြီး စာတမ်းတွေ ရေးရ ဖတ်ရတာကို သဘောကျတဲ့ သူက “တော်တော်များများ သိထားပြီးသားဖြစ်နေလည်း အတန်းချိန် တစ်ခုစီတိုင်းကနေ ကျွန်မ အများကြီး ထပ်လေ့လာခဲ့တယ်။ အဲဒီလိုလုပ်ရတာကိုပဲ ကျွန်မကပျော်နေတာ” လို့ ထပ်ပြောပြပါတယ်။
အမေရိကန်နိုင်ငံမှာ ကောလိပ် ကျောင်းသူ/သားအားလုံးရဲ့ တစ်ရာခိုင်နှုန်းလောက်ဟာ အသက် (၆၅) နှစ်နဲ့ အထက် အသက်အရွယ် ရှိသူတွေ ဖြစ်ပါတယ်။ အမျိုးသား ပညာရေး ဗဟိုဌာနရဲ့ စာရင်းတွေအရတော့ ၂၀၀၅ ခုနှစ်မှာ တက္ကသိုလ် ကျောင်းသားပေါင်း သန်းနှစ်ဆယ်ထဲက (၆၇,၀၀၀) လောက်ဟာ အဲဒီလို သက်ကြီးကျောင်းသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
“အခုလို ကိုယ့်ဘာသာ ရည်မှန်းချက်လေး တစ်ခုထားပြီး တက်တက်ကြွကြွနဲ့ လေ့လာမှု ပြုနေတာမျိုးက တကယ့်ကို အကောင်းဘက်ကိုဦးတည်တဲ့ လုပ်ရပ်မျိုးပါပဲ” လို့ တက္ကဆက် ကျန်းမာရေးသိပ္ပံဌာနက ဒေါက်တာ ကာမဲလ် ဒိုင်ယာ (Dr. Carmel Dyer) က သုံးသပ် ပြောကြားခဲ့ပါတယ်။
ဖီးန်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက အသက် (၆၅) နှစ်အရွယ် လူဦးရေ ၂၀၀၀ လောက်ကို (၆) နာရီစာ အခမဲ့ တက်ရောက်ခွင့်ပေးခဲ့တဲ့ တက္ကဆက် တက္ကသိုလ်တွေရဲ့ အစီအစဉ်မှာ ပါဝင် တက်ရောက်ခဲ့တာဖြစ်ပြီး ဒီဘွဲ့ကိုရဖို့ စိတ်နှစ်ပြီး ကြိုးစားနေခဲ့တဲ့ ဖီးန်ဟာ အတန်းချိန်တွေ မှန်အောင် မရမက ကြိုးစားတက်ရောက်ခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ရဲ့ဒူးတွေ အခြေအနေမဟန်တော့တာကြောင့် အခက်ကြုံလာပေမဲ့လည်း ဘွဲ့အတွက် လိုအပ်ချက်တွေ ပြည့်မှီစေဖို့ အွန်လိုင်းကနေသင်ကြားတဲ့ အတန်းတွေကတစ်ဆင့် ဆက်လက်လေ့လာခဲ့ရတာ ဖြစ်ပါတယ်။
“ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို သူက လုံးဝ အလျော့မပေးခဲ့ဘူး။ ရအောင်ကို ဆက်ကြိုးစားခဲ့တာ” လို့ ဖီးန်ရဲ့ ဘွဲ့အတွက် ကြီးကြပ် အကြံပေးသူ ရှဲလာ ရိုလာဆင် (Sheila Rollerson) ကပြောပြပြီး “အတန်းထဲမှာ သူဆွေးနွေးပြောဆိုတာတွေကြောင့် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အတန်းချိန်ဖြစ်လာစေခဲ့တယ်။ ဘာအကြောင်းတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်ဆိုတာကိုလည်း သူက အမြဲမှတ်မိနေတတ်တယ်လေ” လို့ လူမှုဗေဒ သရုပ်ပြဆရာ ကာရို ဆီရူလီ လန်ဟမ် (Carol Cirulli Lanham) ကလည်း မှတ်ချက်ပြုခဲ့ပါတယ်။
နယူးယော့ခ်မြို့မှာ ကြီးပြင်းခဲ့တဲ့ ဖီးန်ဟာ အသက် (၁၆) နှစ်မှာပဲ အဝတ်အထည် ထုတ်တဲ့လုပ်ငန်းတစ်ခုမှာ ကိုယ်ရေးအရာရှိ ရာထူးနဲ့ အလုပ် လုပ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက် (၁၈) နှစ်လုံးလုံးကို အိမ်ထောင်မှုကိစ္စတွေနဲ့ အချိန်ကုန်ဆုံးခဲ့ပြီး နောက်ထပ် ဆယ်စုနှစ်တွေကိုတော့ အလုပ်ပေါင်းများစွာကို လုပ်ကိုင်ရင်း ဖြတ်သန်းလာခဲ့တာပါ။ ၂၀၁၂ ခုနှစ်က အနားယူလိုက်တာဖြစ်တဲ့ ဒဲလက်စ် ခွဲစိတ်ဆေးရုံ ကိုယ်ရေးအရာရှိ ရာထူးနဲ့ အနှစ် (၂၀) လုပ်ခဲ့ပါတယ်။
ဖီးန်ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ အကူသူနာပြု တစ်ဦးဖြစ်သူ ရီနေး ဘရောင်းက “ရီနေးရယ် မင်းလုပ်နိုင်ပါတယ်။ ငါတောင်လုပ်နိုင်သေးရင် မင်းလည်း လုပ်ကို လုပ်နိုင်မှာပါ ပြီးတော့ မင်း ပျော်လည်း ပျော်ရမှာပါ” ဆိုတဲ့ ဖိးန်ရဲ့ စကားကြောင့် စိတ်ခွန်အားတွေရလာခဲ့ပြီး အခု အသက် (၅၃) နှစ်ရှိပြီဖြစ်တဲ့ သူ့အနေနဲ့ လိုင်စင်ရ သူနာပြုဖြစ်လာဖို့အတွက် သင်တန်း ထပ်ပြီးတက်ရောက်ဖို့တောင် စီစဉ်ထားပြီ လို့ ပြောပြခဲ့ပါတယ်။
Ref: abc News “Not into bingo, 84-year-old Texas woman gets college degree”
TH (ရိုးရာလေး)