ရွှေချောင်းတွေ ထုတ်ပေးဖို့ ဗင်နီဇွဲလားသမ္မတရဲ့ တောင်းဆိုချက်ကို အင်္ဂလန်အထက်တရားရုံးချုပ် ပယ်ချ

gold.jpg

အင်္ဂလန်ဘဏ် ( BoE ) မှာ အပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ ၁.၉၅ ဘီလျံတန် ရွှေချောင်းတွေ ထုတ်ပေးဖို့ တောင်းဆိုတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုရဲ့ တောင်းဆိုချက်ကို ဗြိတိန်အထက်တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ အဲဒီငွေကြေးကို အသုံးပြုသွားမယ်လို့ မာဒူရိုက ဆိုပါတယ်။

ဒါပေမဲ့ ဗြိတိန်အစိုးရက ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတဲ့ ဂွာအီဒိုတစ်ယောက်တည်းသာ ရွှေချောင်းတွေကို ထုတ်ယူခွင့်ရှိတယ်လို့ အထက်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ ဂွာအီဒိုနဲ့ မာဒူရိုတို့က ဗင်နီဇွဲလားဗဟိုဘဏ် ဥက္ကဋ္ဌ တစ်ယောက်စီ ခန့်အပ်ထားကြပါတယ်။ နိုင်ငံပေါင်း ၅၀ ကျော်က တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားတဲ့ ဂွာအီဒိုကတော့ ရွှေချောင်းတွေကို အင်္ဂလန်ဘဏ်ရဲ့ ငွေတိုက်ခန်းမှာပဲ ဆက်လက်အပ်နှံထားချင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သမ္မတနန်းတော်မှာ ဆက်ရှိနေပြီး အစိုးရအဖွဲ့၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ထိန်းချုပ်ထားတဲ့ မာဒူရိုကတော့ ရွှေချောင်းတွေကို ပြန်ထုတ်ပေးဖို့ အင်္ဂလန်ဘဏ်ကို တရားစွဲခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် ဆေးဝါး အထောက်အကူပစ္စည်းတွေ ဝယ်ယူဖို့ ရွှေချောင်းရောင်းရငွေကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ထံ လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မာဒူရိုဟာ ၂၀၁၈ ခုနှစ် မေလက အငြင်းပွားဖွယ် ရွေးကောက်ပွဲမှာ ဒုတိယမြောက် ၆ နှစ်သက်တမ်းအတွက် ထပ်မံရွေးကောက်ခံခဲ့ရသူပါ။ မာဒူရိုရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြိုလဲပြီး အလုပ်လက်မဲ့မှု မြင့်တက်တာ၊ ဗင်နီဇွဲလား ငွေတန်ဖိုး အဆမတန် ထိုးကျတာတွေ ကြုံရလို့ ဆိုးရွားတဲ့ အကျပ်အတည်း ကြုံရလို့ လူသန်းချီ အကူအညီ လိုအပ်နေတာလို့ ဝေဖန်သူတွေက ဆိုပါတယ်။ မာဒူရိုက အင်္ဂလန်ဘဏ်မှာ အပ်နှံထားတဲ့ ရွှေချောင်းတွေကို ထုတ်ယူပြီး သူ့ကို ထောက်ခံပေးနေတဲ့ မဟာမိတ်နိုင်ငံတွေကို ငွေကြေးပံ့ပိုးပေးလိမ့်မယ်လို့ သူတို့က ဆိုပါတယ်။

အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီကို ဖိနှိပ်မှုတွေကြောင့် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ပနားမားနဲ့ မက္ကဆီကိုနိုင်ငံတွေက ဗင်နီဇွဲလားနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

Ref: BBC ” UK Supreme Court denies Maduro claim to Venezuelan gold “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top