ထောင်မီးရှို့ခံရချိန်မှာလွတ်မြောက်သွားတဲ့ အကျဉ်းသား (၂၅၀) ကျော်ကို အင်ဒိုနီးရှားအာဏာပိုင်တွေလိုက်လံရှာဖွေနေ

68799506_2548744098489828_1583208959160877056_n.jpg

အနောက်ပါပူအာပြည်နယ်အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ (၂၅၀) ကျော်ကို အင်ဒိုနီးရှားနိုင်ငံအာဏာပိုင်တွေက လိုက်လံရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က အနောက်ပါပူအာပြည်နယ်ရဲ့ မြို့တော်တော်များများမှာ ဆန္ဒပြသူတွေက လမ်းပေါ်ထွက်ဆန္ဒပြပြီး အကျဉ်းထောင်အပါအဝင် အဆောက်အအုံတွေကိုမီးတင်ရှို့ခဲ့လို့ ထောင်ဖောက်ထွက်ပြေးမှုဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့အားလပ်ရက်က အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားမှာ အင်ဒိုနီးရှားအလံကိုမလေးမစားလုပ်တယ်ဆိုပြီး ဆူရာဘယမြို့မှာရှိတဲ့ ပါပူအာကျောင်းသားတွေကိုထိန်းသိမ်းခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို ခံပြင်းဒေါသထွက်ပြီး ဆန္ဒပြမှုတွေကို ပေါ်ပေါက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တီမီကာမြို့ကဆန္ဒပြပွဲတွေမှာ လူ (၁၀၀၀) ကျော်ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းဖြစ်ပွားခဲ့လို့ အခြေအနေရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံကို ကျောက်ခဲတွေနဲ့ပစ်ပေါက်ပြီး မီးတင်ရှို့ခဲ့တယ်လို့ဆိုပါတယ်။ ဆိုရွန်မြို့ အကျဉ်းထောင်ကို ဆန္ဒပြသူတွေကမီးတင်ရှို့ပြီး ထောင်သားတွေကို ကျောက်ခဲနဲ့ပစ်ပေါက်ခဲ့လို့ ထောင်သား (၂၅၈) ယောက်ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အခုအချိန်အထိတော့ ထောင်သား (၅) ယောက်ပဲ ပြန်ဖမ်းမိပါသေးတယ်။ ထောင်သားတွေကို ထွက်မပြေးအောင်တားဆီးခဲ့တဲ့ အကျဉ်းထောင် အစောင့်အကြပ်တော်တော်များများနဲ့ ထောင်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နယူးဂီနီကျွန်းပေါ်မှာရှိတဲ့ ပါပူအာပြည်နယ်ဟာ ၁၉၆၁ ခုနှစ်မှာ ကိုယ်ပိုင်လွတ်လပ်ရေးကြေညာခဲ့ပေမဲ့ နောက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံလက်အောက်ရောက်ခဲ့ပါတယ်။ အခုအချိန်အထိ ပါပူအာပြည်နယ်မှာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားနေဆဲပါပဲ။ အင်ဒိုနီးရှားနိုင်ငံအာဏာပိုင်တွေက ပါပူအာပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top