ONE: Dawn of Heroes ပြိုင်ပွဲကြီး၏ ထူးခြားချက် (၅) ချက်

large_2db16d428ca6e04c25f87326c902fe333a4606b9.jpg

ယခုနှစ်အတွင်း ဖိလစ်ပိုင်တွင်ကျင်းပခဲ့သည့် ONE Championship ပြိုင်ပွဲများအနက် အကြီးကျယ်အခမ်းနားဆုံးပြိုင်ပွဲဖြစ်လာမည့် Dawn of Heroes ပြိုင်ပွဲကြီးကို လာမည့်သြဂုတ် (၂) ရက်တွင် မနီလာမြို့၌ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲများ၊ ထိပ်တန်းကစားသမားများ၏ Grand Prix ရှုံးထွက်ပွဲများနှင့် Super Series တွဲဆိုင်းများ ပါဝင်မည့် အဆိုပါပြိုင်ပွဲကြီး၏ ထူးခြားချက်များကို စုစည်းတင်ပြလိုက်ပါသည်။

၁။ Haggerty ၏ ပထမဆုံးချန်ပီယံကာကွယ်ပွဲ

ONE: Dawn of Heroes ပြိုင်ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ (၂) ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပထမတစ်ပွဲမှာ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Martin “The Situ-Asian” Nguyen ကို ဂျပန်ကြယ်ပွင့်ကစားသမား Koyomi “Moushigo” Matsushima က စိန်ခေါ်ထိုးသတ်သည့်ပွဲဖြစ်သည်။ Nguyen သည် ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူပြီးနောက် ဖယ်သာဝိတ်တန်းချန်ပီယံခါးပတ်အတွက် တတိယမြောက်ချန်ပီယံကာကွယ်ပွဲကစားရခြင်းလည်းဖြစ်သည်။ ဒုတိယတစ်ပွဲမှာမူ ပိုမိုထူးခြားပြီး ပူပူနွေးနွေး ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံဖြစ်ထားသည့် ဗြိတိန်ကစားသမား Jonathan “The General” Haggerty ကို ထိုင်းကစားသမား Rodtang “The Iron Man” Jitmuangnon က စိန်ခေါ်သည့်ပွဲဖြစ်သည်။

အသက် (၂၂) နှစ်သာရှိသေးသည့် အင်္ဂလန်ဖွားလူငယ်ကစားသမားလေး Haggerty သည် ဝါရင့်ထိုင်းကစားသမားကြီး Sam-A Gaiyanghadao ကို အနိုင်ယူကာ မွေထိုင်းကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ခြင်းသည် ထိုင်းကစားသမားများအတွက် ခံပြင်းစရာဖြစ်ရပ် ဖြစ်ခဲ့သည်။ ထို့ကြောင့် Haggerty လက်ထဲမှ ၎င်းတို့ရိုးရာအားကစားနည်း၏ ချန်ပီယံခါးပတ်ကိုပြန်လည်လုယူရန်မှာ လက်စွမ်းထက်သည့်ထိုင်းကစားသမားတိုင်း၏ ရည်မှန်းချက်ဖြစ်သည်။

အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်ပထမဆုံးကြိုးစားလာသူမှာ အသက် (၂၁) နှစ်သာရှိသေးသည့် Jitmuangnon ဖြစ်သည်။ ပွဲပေါင်း (၂၅ဝ) ကျော်ကစားထားပြီး ၎င်း၏ အသက်အရွယ်နှင့်မလိုက်အောင် အတွေ့အကြုံပြည့်ဝနေသည့် Jitmuangnon ကို ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ်ကစားမည့် Haggerty က မည်သို့တုံ့ပြန်ကစားမည်ဆိုသည်က စိတ်ဝင်စားဖွယ်ရာကောင်းလှသည်။

၂။ Grand Prix ဗိုလ်လုပွဲအတွက်အဆုံးအဖြတ်ပွဲများ

ယခုပြိုင်ပွဲ၏ ထူးခြားချက်တစ်ခုမှာ ပြိုင်ဆိုင်မှုပြင်းထန်သော Grand Prix ရှုံးထွက်ပြိုင်ပွဲကြီးနှစ်ခု၏ ဆီမီးဖိုင်နယ်တွဲဆိုင်း များကို ထည့်သွင်းကျင်းပခြင်းဖြစ်သည်။ လိုက်ဝိတ်တန်း Grand Prix ပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်တွဲဆိုင်းနှစ်ခုအနက် တူရကီကစားသမား Saygid “Dagi” Gusein Arslanaliev နှင့် စင်ကာပူကစားသမား Amir Khan တို့၏တွဲဆိုင်းကို ONE: Enter the Dragon ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့ပြီးဖြစ်ကာ အနိုင်ရသူ Arslanaliev က ဗိုလ်လုပွဲတွင် အသင့်စောင့်ကြိုနေပြီ ဖြစ်သည်။

နောက်ထပ် ဆီမီးဖိုင်နယ်တစ်ပွဲဖြစ်သည့် လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Eduard “Landslide” Folayang နှင့် UFC၊ Bellator ပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံလေးကြိမ်ဖြစ်ဖူးသူ Eddie “The Underground King” Alvarez တို့၏ ပွဲကို ယခုပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည်ဖြစ်သည်။

နောက်ထပ် Grand Prix ပြိုင်ပွဲတစ်ခုဖြစ်သော ဖလိုင်းဝိတ်တန်း Grand Prix ၏ ဆီမီးဖိုင်နယ်တွဲဆိုင်းနှစ်ခုလုံးကို ယခုပွဲတွင် ထည့်သွင်းကျင်းပမည်ဖြစ်သည်။ အဆိုပါ ဆီမီးဖိုင်နယ်တွဲဆိုင်းများအဖြစ် UFC တွင် ကမ္ဘာ့ချန်ပီယံ (၁၂) ကြိမ်ဖြစ်ဖူးသည့် အမေရိကန်သား Demetrious “Mighty Mouse” Johnson နှင့် DEEP ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဖြစ်ဖူးသည့် Tatsumitsu “The Sweeper” Wada ကတစ်တွဲ၊ ဖိလစ်ပိုင်နာမည်ကြီးကစားသမား Danny “The King” Kingad နှင့် သြစတြေးလျ ကစားသမား Reece “Lightning” McLarenက တစ်တွဲ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယင်းပြိုင်ပွဲများမှ ဗိုလ်လုပွဲ တက်လာသူများကို ONE Championship ရာပြည့်ပွဲတွင် တွေ့ဆုံယှဉ်ပြိုင်စေမည်ဟုလည်းသိရသည်။

၃။ ဒုတိယအခွင့်အရေးရကြသူများ

ယခုပြိုင်ပွဲတွင် ထူးခြားစွာဒုတိယအခွင့်အရေးရရှိသည့်ကစားသမားများစွာ ပါဝင်နေသည်ကိုလည်းတွေ့ရသည်။ ယင်းကစားသမားများသည် Grand Prix ရှုံးထွက်ပွဲများတွင် ပြိုင်ဘက်ကို ရှုံးနိမ့်ကာထွက်ခွာခဲ့ကြရသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပြိုင်ဘက်က ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သဖြင့် ၎င်း၏နေရာကို လူစားထိုးဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိကာ ပြိုင်ပွဲထဲ နောက်တစ်ကြိမ်ပြန်လည်ပါဝင်ကစားခွင့်ရသူများဖြစ်ကြသည်။ ONE: Dawn of Heroes တွင် Grand Prix ပြိုင်ပွဲ (၂) ပွဲ၏ ဆီမီးဖိုင်နယ်တွဲဆိုင်း (၃) တွဲကို ထည့်သွင်းကျင်းပရာ ဒုတိယအခွင့်အရေးရခဲ့သူ (၃) ဦးအထိရှိခဲ့ကြောင်း တွေ့ရသည်။

လိုက်ဝိတ်တန်း Grand Prix တွင် အမှန်တကယ်အားဖြင့် ဆီမီးဖိုင်နယ်တွဲဆိုင်းမှာ Lowen Tynanes နှင့် Timofey Nastyukhin တို့ တွေ့ဆုံရမည်ဖြစ်သော်လည်း နှစ်ဦးစလုံးဒဏ်ရာပြဿနာများကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် Tynanes အစား Alvarez က ပြန်လည်ပါဝင်လာခဲ့ပြီး Nastyukhin နေရာတွင် Eduard Folayang ယှဉ်ပြိုင်မည်ဖြစ်သည်။ ဖလိုင်းဝိတ်တန်း Grand Prix ဆီမီးဖိုင်နယ်တွဲဆိုင်းတစ်ခုတွင် Kairat “The Kazakh” Akhmetov နှင့် Kingad ရင်ဆိုင်ရမည် ဖြစ်သော်လည်း Akhmetov ၏ ဒဏ်ရာပြဿနာကြောင့် ၎င်းနေရာတွင် Mclaren က အစားထိုးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့ကြောင့် Alvarez, Folayang နှင့် Mclaren တို့က ဒုတိယအခွင့်အရေးရခဲ့သူများဖြစ်ကာ ၎င်းတို့အခွင့်အရေးကို မည်သို့အသုံးချနိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

၄။ ဂျပန်နှင့် ဖိလစ်ပိုင်ကစားသမားများစန်းထချိန်

ယခုပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပခြင်းဖြစ်သဖြင့် ထုံးစံအရဆိုလျှင် အိမ်ရှင်ဖိလစ်ပိုင်ကစားသမားအများစုထည့်သွင်း ကျင်းပရမည်ဖြစ်သော်လည်း ထူးခြားစွာ ဂျပန်ကစားသမားအရေအတွက်က အများဆုံးဖြစ်နေသည်ကိုတွေ့ရသည်။ ကစားသမား (၃ဝ) ဦး ပါဝင်ယှဉ်ပြိုင်မည့် ယခုပွဲတွင် ဂျပန်ကစားသမား (၆) ဦးအထိပါဝင်နေသဖြင့် ကစားသမား (၅) ပုံ (၁) ပုံ နေရာယူထားခြင်း ဖြစ်ကြောင်း တွေ့ရသည်။ အိမ်ရှင် ဖိလစ်ပိုင် ကစားသမားများမှာမူ ၅ ဦး အထိသာ ပါဝင်နိုင်သည် ကိုလည်း တွေ့ရသည်။

ဂျပန်နှင့် ဖိလစ်ပိုင်တို့နောက်တွင် တတိယအများဆုံးပါဝင်သည့်ကစားသမားမှာ အမေရိကန်နှင့် ထိုင်းကစားသမားများ ဖြစ်ကြပြီး (၃) ဦးစီပါဝင်သည်ကိုတွေ့ရသည်။ ၎င်းတို့နောက်တွင် ဘရာဇီးနှင့် တရုတ်ကစားသမားများ (၂) ဦးစီပါဝင်ကြသည်။ ကျန်ကစားသမားများမှာ ဗြိတိန်၊ အီတလီ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ စကော့တလန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများမှ ကစားသမားတစ်ဦးစီဖြစ်ကြသည်။

၅။ ဟဲဗီးဝိတ် ကစားသမားသစ်၏ လက်ရည်စမ်းပွဲ

ONE Championship တွင် ကစားသမားအင်အားအနည်းဆုံးဝိတ်တန်းတစ်ခုဖြစ်သည့် ဟဲဗီးဝိတ်တန်းသို့ရောက်ရှိလာသည့် မျက်နှာသစ်ကစားသမားတစ်ဦး၏ ပထမဆုံးပွဲထွက်သည့်ပွဲကို ယခုပြိုင်ပွဲတွင်မြင်တွေ့ကြရမည် ဖြစ်သည်။ အဆိုပါ ကစားသမားမှာ အိန္ဒိယနွယ်ဖွားကစားသမား Arjan “Singh” Bhullar ဖြစ်ကာ ယခုနှစ်တွင်မှ UFC က ပြောင်းရွှေ့လာသည့် ကစားသမားဖြစ်သည်။ Bhullar သည် ကနေဒါ နိုင်ငံတွင်ကြီးပြင်းခဲ့သူဖြစ်ပြီး ကနေဒါနိုင်ငံလက်ရွေးစင်အဖြစ် နိုင်ငံတကာ နပမ်းပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ၎င်းသည် ၂ဝဝ၉ ခုနှစ်က ကနေဒါ၏ အကောင်းဆုံးနပမ်းသမားအဖြစ် ရွေးချယ်ခံခဲ့ရာ ၂ဝ၁ဝ ဓနသဟာယအားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ရရှိခဲ့သည်။

ကနေဒါမှ Battlefield Fight League တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဘဝကိုစတင်ခဲ့ကာ ပထမဆုံးယှဉ်ပြိုင်သည့် ခြောက်ပွဲဆက်တိုက်အနိုင်ရခဲ့သည်။ တောက်လျှောက်လက်စွမ်းပြနေသည့် Bhullar ကို UFC က သဘောကျပြီး ခေါ်ယူစာချုပ်ခဲ့သဖြင့် ပြိုင်ပွဲ (၄) ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ (၃) ပွဲနိုင်ပြီး (၁) ပွဲသာရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ၎င်း၏ ကစားသမား သက်တမ်းတစ်လျှောက် ရှုံးပွဲတစ်ပွဲသာရှိခဲ့သူဟုဆိုနိုင်သည်။ ၎င်းသည် ယခုလအတွင်းတွင်ပင် ONE Championship နှင့် စာချုပ်ခဲ့ပြီးနောက် မြန်မြန်ဆန်ဆန်ပွဲထွက်ခွင့်ရခဲ့ကာ အီတလီသားကြီး Mauro “The Hammer” Cerilli နှင့် ယခုပြိုင်ပွဲတွင် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top