ရော်ဘာလှေဖြင့် ပင်လယ်ထဲ (၂)ရက် မျောပါခဲ့တဲ့ အမျိုးသမီး သကြားလုံးစားပြီး အသက်ရှင်

yyl-001.png

ဂရိနိုင်ငံနားက ပင်လယ်ပြင်မှာ ရော်ဘာလှေနဲ့ (၂)ရက်ကြာ မျောပါခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးဟာ သကြားလုံးတွေစားပြီး အသက်ရှင်ခဲ့ပါတယ်။ အသက် ၄၅ နှစ်ရှိတဲ့ နယူးဇီလန်နိုင်ငံသူ ကူရှီလာစတိန်းကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခရိ(တ်)ကျွန်းမြောက်ပိုင်း အေဂျီယန်ပင်လယ်ထဲကနေ ကယ်တင်နိုင်ခဲ့တာပါ။ ရွက်လွှင့်သွားရာမှာ အတွေ့အကြုံရှိတဲ့ ကူရှီလာစတိန်းဟာ တူရကီနိုင်ငံတောင်ပိုင်းကနေ ဂရိနိုင်ငံ အေသင်မြို့ကို ရွက်သင်္ဘောနဲ့ ခရီးနှင်မယ့် ဗြိတိန်နိုင်ငံသား မိုက်ကို ကူညီပေးခဲ့ပါတယ်။

ကူရှီလာစတိန်းဟာ ပြီးခဲ့တဲ့သောကြာနေ့က ဖိုလီဂန်ဒရိုကျွန်းကို ရော်ဘာလှေနဲ့ တစ်ယောက်တည်း သွားရောက်ခဲ့ပါတယ်။ ကျွန်းကနေ Rival 34 ရွက်လှေထံ ပြန်လာချိန်မှာတော့ လှော်တက်တစ်ချောင်း ပြုတ်ကျသွားပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။ ပင်လယ်ထဲ ၃၇ နာရီကြာ မျောပါချိန်အတွင်း ကူရှီလာစတိန်းက သကြားလုံးကို ခွဲတမ်းနဲ့စားပြီး အနွေးဓာတ်ရအောင် ပလတ်စလစ်အိတ်တွေ ခြုံထားခဲ့ပါတယ်။ သူဟာ အလွယ်တကူမြင်တွေ့နိုင်တဲ့ အနီရောင်ဦးထုပ်ကို ဆောင်းခဲ့ပြီး သူ့ကို လူတွေ သတိထားမိလာအောင် မှန်တစ်ချပ်နဲ့ ရောင်ပြန်လွှတ်ခဲ့ပါတယ်။

သူ့ကို မတွေ့ခဲ့ရင် သူ့အလောင်းကို ခွဲခြားနိုင်အောင်လို့ ရော်ဘာလှေဘေးမှာ မိခင်ရဲ့နာမည်၊ ဆက်သွယ်ရမယ့် လိပ်စာ၊ အသေးစိတ်အချက်အလက်တွေ ရေးသားခဲ့ပါတယ်။ ကူရှီလာစတိန်း ပြန်ရောက်မလာလို့ ရွက်လှေပိုင်ရှင်က အာဏာပိုင်တွေထံ အကြောင်းကြားခဲ့ပါတယ်။ အဲဒီအတွက် သူ့ကို အင်အားသုံး ရှာဖွေခဲ့ကြပြီး ခရိ(တ်)ကျွန်းရဲ့မြောက်ဘက် ရေမိုင် ၁၁ မိုင်အကွာမှာ ဂရိကမ်းခြေစောင့်တပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top