ဇရာကို တားဆီးရန် ထိုးသွင်းသည့် ဆယ်ကျော်သက် များရဲ့ သွေးဈေး ပေါင် ၆၂၀၀ အထိဖြစ်နေ

blood-donor.jpg

အမေရိကန်နိုင်ငံမှာ ဆယ်ကျော်သက်များရဲ့သွေးကို ခန္ဓာကိုယ်ထဲထိုးသွင်းရင် ဇရာကို ကာကွယ်နိုင်တဲ့အတွက် ဆယ်ကျော်သက်များရဲ့သွေးကို သွင်းသူများ များပြားနေပြီး ဆယ်ကျော်သက်များရဲ့ သွေးဈေးနှုန်းကလည်း တစ်ခါထိုးသွင်းရင် ပေါင် ၆၂၀၀ အထိရှိနေပါတယ်။

ဒီသွေးသွင်းကုသမှုများကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့ရှိ Ambrosia အမည်ရှိ ဈေးခန်းမှ ကုသမှုပေးနေတာဖြစ်ပြီး လူအယောက် ၁၀၀ ကျော်ခန့် ကုသပြီးပြီလို့သိရပါတယ်။

ကုသမှုလုပ်ငန်းစဉ်မှာဆိုရင် သွေးထဲမှ အခြားသောဆဲလ်များ ဖယ်ရှားပြီးရင်ကျန်ရှိတဲ့သွေးရည်ကြည် ၂ လီတာ ခွဲခန့်ကို လူနာခန္ဓာကိုယ်ထဲ ထိုးသွင်းပေးတာ ဖြစ်ပြီး ရလာဒ်များ ကောင်းမွန်နေတာကို တွေ့ခဲ့ရပါတယ်။

ဆေးခန်းကို ဦးစီးနေသူဟာ စတန်းဖို့တက္ကသိုလ်ထွက် (Stanford) ဒေါက်တာ ဂျက်ဆီကာမဇင်း (Jesse Karmazin) ဖြစ်ပြီး “ ဒီလို သွေးရည်ကြည် အစားထိုး ကုသပေးခြင်းဟာ ရုပ်ရည်သွင်ပြင်၊ ဆီးချိုရောဂါ၊ နှလုံးလုပ်ဆောင်ချက်များနဲ့ မှတ်ဉာဏ်ဆိုင်ရာလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး ဇရာကိုလည်း တားဆီးပေးနိုင်ပါတယ်။ သွေးရည်ကြည် ထိုးသွင်းကုသခြင်းကြောင့် ထာဝရ အသက်ရှည်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဇရာကို တားဆီးပေး နိုင်ပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

ဂျက်ဆီကာမဇင်း ကသာ ဒီလို အာဘောင်ရင်းသန်သန်နဲ့ပြောဆိုခဲ့ပေမဲ့ ဆေးပညာရှင်များကတော့ ဒီစမ်းသပ်ချက်ဟာ သက်သေမပြရသေးတဲ့အပြင် ဒေါက်တာကာမဇင်း ပြောဆိုချက်များဟာ မဖြစ်နိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်တုန်းက လေ့လာချက်တစ်ခုအရ ကြွက်ပေါက်လေး တစ်ကောင်ရဲ့ သွေးရည်ကြည်ကို ကြွက်ကြီးရဲ့ခန္ဓာကိုယ်မှာ ထိုးပေးတဲ့အခါ ကြွက်ကြီးရဲ့ ဉာဏ်ရည်နဲ့ သင်ယူနိုင်စွမ်းမြင့်တက်ခဲ့ပေမဲ့ လူသားတွေမှာတော့  စမ်းသပ်ရခြင်းမရှိသေးပါဘူး။ ဒါကြောင့် ဒေါက်တာ ဂျက်ဆီရဲ့ စမ်းသပ်ချက်များဟာ လူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်နေတယ် လို့ဝေဖန်ခံ နေရပါတယ်။

Ambrosia ဆေးခန်းရဲ့ကုသမှုမှာဆိုရင် သွေးဘဏ်များမှ လူငယ်များရဲ့ သွေးများကို အဓိကထားဝယ်ယူတာ ဖြစ်ပြီး နောက်ပိုင်းမှာ သွေးရည်ကြည်ကို ထုတ်လုပ်ပါတယ်။ လူငယ်များရဲ့ သွေးများကို စုပေါင်းပြီးတဲ့အခါမှာ သွေးရည်ကြည် ၂ လီတာခွဲခန့်ကို အသက် ၆၀ ပတ်ဝန်းကျင်ရှိတဲ့ လူနာရဲ့ ကိုယ်ထဲကို ထိုးသွင်းပေးတာ ဖြစ်ပါတယ်။

ဒေါက်တာ ဂျက်ဆီကာမဇင်း ကတော့ သူ့ရဲ့လူနာများဟာ တစ်ခါကုသခဲ့ရုံနဲ့ ရုပ်ရည်ပိုပြောင်းလဲပြီး ကြည့်ကောင်းသွားကြောင်း အခိုင်အမာပြောဆိုနေဆဲဖြစ်ပါတယ်။

Ref : Independent News : Teenagers’ blood being sold for £6,200 a shot

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top