စာအုပ်တွေရဲ့ နေရာမှာ ဖုန်းတွေနဲ့ အစားထိုးလိုက်ကြပြီလား

mobile-teens-P4Z2QEC.jpg

Group of friends using modern gadgets outside

     လူတိုင်း ကိုယ်စီ ကိုယ်စီ ဖုန်းတစ်လုံး ကိုင်လာကြတဲ့ခေတ်၊ social network အကောင့်တစ်ခုခု ပိုင်ဆိုင်လာကြတဲ့ခေတ်ကို ရောက်နေတဲ့ အတွက် လူတော်တော်များများဟာ အားလပ်ချိန် တော်တော်များများကို ဖုန်းစခရင်ပေါ် အာရုံစိုက်ခြင်းအားဖြင့် အချိန်ဖြုန်းလာကြပါတယ်။

အင်တာနက် ချိတ်ဆက်လိုက်ရုံ၊ ရှာဖွေကြည့်ရှုလိုက်ရုံနဲ့ ကိုယ်ဖတ်ချင်တာတွေ ကိုယ်လေ့လာချင်တာတွေ အစစအရာရာ အလွယ်တကူ ရနိုင်တဲ့ အခုလို အခြေအနေတွေမှာ စာအုပ်တွေရဲ့ နေရာက ပျောက်စပြုလာပြီလား။

     စာအုပ်တစ်အုပ်ကို ကိုယ်တိုင် လက်က ကိုင်ပြီး ဖတ်ရတဲ့ စိတ်ကျေနပ်မှုကို ဖုန်းစခရင် ဒါမှ မဟုတ် အခြား ကွန်ပျူတာ စခရင်တစ်ခုခုပေါ်ကနေ ebook အနေနဲ့ ဖတ်ရှုလိုက်ရတဲ့ စိတ်ကျေနပ်မှုက မမှီနိုင်တာ အမှန်ပါပဲ။ စာအုပ်တွေဖတ်ရင်း ကြီးပြင်းလာခဲ့ကြတဲ့၊ ဖုန်းတွေ ပေါများမလာခင် အင်တာနက်လိုင်းတွေ မကောင်းသေးခင်ကာလကို စာအုပ်တွေနဲ့ အတူ ဖြတ်သန်းခဲ့ကြတဲ့ သူတွေကတော့ စာအုပ်တွေကို ဆက်လက် တန်ဖိုးထား ဖတ်ကောင်း ဖတ်နေကြဦးမှာပါ။ ဒါပေမယ့် အခုလို အင်တာနက်ခေတ်မှာ အရွယ်ရောက်လာတဲ့ လူငယ်လေးတွေ စာအုပ်တွေကို ဝယ်ယူဖတ်ရှုကြသေးရဲ့လား။ စိတ်ဝင်စားစရာ နောက်ပြီး စိတ်ပူပန်စရာ ကိစ္စတစ်ခုပါ။

     ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လည်း အောင်မြင်တဲ့ ကဗျာဆရာတစ်ဦး ဖြစ်သလို ကိုယ်ပိုင် စာအုပ်ထုတ်လုပ်ရေးလည်း လုပ်ကိုင်လျက်ရှိတဲ့ ဆရာ စိုင်းဝင်းမြင့်ကတော့ “စာဖတ်အားအနေနဲ့ဆိုရင်တော့ လျော့ကျသွားတယ်လို့ ဆိုလို့မရဘူး။ ဘယ်လို မီဒီယာ ဘယ်လို အပန်းဖြေမှု ဘယ်လို ဖျော်ဖြေမှုနဲ့ ဘယ်လို စိတ်သက်သာရာ စိတ်ပျော်စေရာ ဘယ်လို အရာရာတွေပဲ ပေါ်လာပေါ်လာ စာအုပ်က စာအုပ်ပါပဲ။ စာအုပ်က ပေးတဲ့ ရသ ဘယ်အရာကမှ မရပါဘူး။ စာအုပ်​​တွေမ​ရောင်​းရတဲ့အ​ပေါ်ကြည်​့ပြီး စာဖတ်​အားကျတယ်​​ပြောကြမလား။ မရဘူး။ စာက စာအုပ်​ထက်​ပိုပြီး စာအုပ်​ထက်​မက အခြား ဥပမာဖုန်​း​တွေ တက်​ဘလက်​​တွေ ကွန်​ပျူတာ​တွေက ဖတ်​​​နေကြပြီ​လေ။ ဒီ​တော့ စာအုပ်​သာ အ​ရောင်​းကျချင်​ကျမယ်​ စာဖတ်​အားကျလာတယ်​ ​ပြောလို့မရဘူး” လို့ ဆိုခဲ့ပါတယ်။

     တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဒီနေ့ခေတ်မှာ ဖုန်းကနေတဆင့် အင်တာနက်ကနေတဆင့် စိတ်အပန်းဖြေစရာ နည်းလမ်းတွေက မနည်းမနောပါပဲ။ အရင်တချိန်တုန်းကတော့  စာအုပ် နဲ့ ရုပ်ရှင်၊ နောက်ပြီး သီချင်းတွေ ကလွဲရင် တခြားသော ဖျော်ဖြေရေးနည်းလမ်းတွေဆိုတာ တော်တော်လေးကို နည်းပါးတာမို့ စာအုပ်တွေကသာ အဓိက အပန်းဖြေစရာ နည်းလမ်းတစ်ခု ဖြစ်ခဲ့တာပါ။ သင်ယူစရာတွေကိုလည်း စာအုပ်တွေကနေ တဆင့် ရရှိသလို စိတ်ကို ဖျော်ဖြေမှုပေးနိုင်တဲ့ ခံစားမှုရသဆိုတာကလည်း စာအုပ်တွေက တဆင့် အများဆုံး ရယူနိုင်ခဲ့ကြတာပါပဲ။ Ebook တွေက တဆင့် လွယ်လွယ်ကူကူ ဖတ်ရှုလို့ရနိုင်တဲ့ စာအုပ်တွေလည်း လက်တစ်ကမ်းမှာပဲ ရှိနေပေမယ့် အပြင်ဈေးကွက်က စာအုပ်စာပေ ဈေးကွက်ရဲ့ အနေအထားကလည်း စာအုပ်၊စာပေလောက ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။ ဖုန်းတွေ အသုံးများလာတဲ့နောက်မှာ စာအုပ်အငှားဆိုင်တွေ ပျောက်ကွယ်လာတာ ကလည်း နှမြောစရာ ဖြစ်ရပ်တစ်ခုပါပဲ။

     အဆိုးထဲက အကောင်းဆိုသလို ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအောက်မှာ စာအုပ်ပွဲတော်တွေရဲ့ အကြောင်း၊ စာပေ ဆွေးနွေးပွဲတွေအကြောင်း၊ နောက်ပြီး ရွေးချယ် ဖတ်ရှုစရာ စာအုပ်အမျိုးအစား အကောင်းအဆိုးတွေရဲ့ အကြောင်းကို တော့ စာဖတ်သူတွေ ပိုပြီး လွယ်လွယ်ကူကူ သိလာနိုင်ကြတယ်လို့ မြင်ပါတယ်။ သတင်း အချက်အလက်မြန်ဆန်မှုနောက်မှာ သတင်း အချက်အလက်တွေကသာ လူတွေကို လွှမ်းမိုးသွားပြီး ကိုယ်တိုင် စာအုပ်တွေနဲ့ ထိတွေ့ပတ်သက်မှုတွေမှာ နည်းပါးလာမှာကိုတော့ စိုးရိမ်မိပါတယ်။

     ဆရာစိုင်းဝင်းမြင့် ကတော့ “ဒီဘက်​​ခေတ်​မှာ စာအုပ်​​တွေဟာ အ​ဆောင်​အ​ယောင်​တစ်​ခုလိုဖြစ်​လာ၊ စာဖတ်​ခြင်​းဟာ ဂုဏ်​ဒြပ်​တစ်​ခုလို​တောင်​ဖြစ်​လာခဲ့ကြပြီ” လို့ ဆိုခဲ့ပါတယ်။ စာအုပ်တွေပိုမို ဖတ်ရှုလာကြစေဖို့  လိုအပ်ချက်တစ်ခုကတော့ ရွေးချယ်ဖတ်ရှုစရာ စာအုပ်အမျိုးအစား ခပ်များများရှိနိုင်ဖို့ ဖြစ်ပါတယ်။ အကောင်းဖက်က ကြည့်မယ်ဆိုရင်တော့ ဒီနေ့ခေတ်မှာ ရွေးချယ် ဖတ်ရှုစရာ စာအုပ်စာပေတွေက အလွန်များပြားလှပြီး စာအုပ်တိုက်ပေါင်းစုံက အမျိုးအစားပေါင်းစုံကို ပိုမို ထုတ်ဝေလာကြတာဖြစ်တဲ့ အတွက် ကိုယ်ရွေးချယ်ဖတ်ရှုချင်တဲ့ စာပေအမျိုးအစားကို လွတ်လပ်စွာ ရွေးချယ် ဖတ်ရှုနိုင်ကြပြီပဲ ဖြစ်ပါတယ်။

    မြောက်ဥက္ကလာ မြို့နယ် အခြေစိုက် အလင်းရပ်ဝန်း လူငယ်စာဖတ်ဝိုင်း တည်ထောင်သူ ဖြစ်တဲ့ ကိုကျော်ဇင်ကိုကိုကတော့ “ကျွန်တော်တို့ နဲ့ ခင်မင်သူတွေထဲမှာတော့ တစ်ယောက်ဖတ်တဲ့ စာအုပ်ကောင်းတွေကို တခြားတယောက် ဖတ်နိုင်အောင် ညွှန်းပေးတဲ့ အလေ့အကျင့်လည်း ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီနေ့ ဒီ အချိန်မှာ စာ ပုံမှန်ဖတ်နေဖြစ်ဖို့ဆိုတာလည်း မလွယ်တော့ဘူး။ အချင်းချင်း ညွှန်းပေးကြတဲ့ စာအုပ်ကောင်းတိုင်းကို တတ်နိုင်သလောက် ဝယ်စု ဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် မဖတ်အားသေးတာတွေ ရှိပါတယ်။ ခုဆိုရင် ဝယ်ထားပြီး မဖတ်ဖြစ်တာ တော်တော်တောင် များနေပြီ ” လို့ လူငယ်တွေရဲ့ စာအုပ်တွေနဲ့ ပတ်သက်ပြီး လက်ရှိ တွေ့ကြုံနေရတဲ့ အခြေအနေတွေကို ပြောပြခဲ့ပါတယ်။

    ယနေ့ခေတ်မှာ ရွေးချယ်စရာ စာအုပ်တွေထက် လူတွေရဲ့ စိတ်ကို ပိုမို ဆွဲဆောင်နေတဲ့ ဖုန်းတွေရဲ့ လွှမ်းမိုးမှု တစ်နည်းအားဖြင့် ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအောက်မှာ စာအုပ်ဖတ်ခြင်းက လူတစ်ယောက်ရဲ့ တစ်နေ့တာ စိတ်အပန်းဖြေမှု အတွက် အဓိက ဖြစ်မလာတော့တာကတော့ နှမြောစရာ အကောင်းဆုံး ကိစ္စတစ်ခု ဖြစ်လို့နေခဲ့ပါပြီ။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top