သားသားမီးမီးတွေရဲ့မှတ်ဉာဏ်အားကောင်းစေမယ့်နည်းလမ်းတွေ

5-11-2020-yyl-034.jpg

မှတ်ဉာဏ်အားကောင်းဖို့ဆိုတာ လူကြီးတွေအတွက်ရော ကလေးတွေအတွက်ပါ အရေးကြီးပါတယ်။ မှတ်ဉာဏ်ထက်မြက်မယ်ဆိုရင် အသစ်အသစ်တွေကို အလွယ်တကူ လေ့လာသင်ယူမှတ်သားနိုင်မှာပါ။ ဒါက ကလေးတွေကို ကျောင်းမှာ စာကို ပိုလေ့လာနိုင်စွမ်းရှိအောင် ကူညီပေးနိုင်တဲ့အပြင် ဘဝမှာ အရေးကြီးတဲ့ အရည်အချင်းတွေကိုလည်း ရအောင်ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ဦးနှောက်ထက်မြက်တဲ့အရည်အချင်းက ကျွန်တော်တို့တွေ မွေးကတည်းက ပါလာကြတာမဟုတ်ပါဘူး။ အခြားအရည်အချင်းတွေလိုပဲ မှတ်ဉာဏ်အားကောင်းဖို့အတွက် အလေ့အကျင့်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သားသားမီးမီးတွေကို ငယ်ငယ်လေးကတည်းကနေ မှတ်ဉာဏ်ထက်မြက်ဖို့အတွက် မိဘတွေက လုပ်ဆောင်ပေးသင့်ပါတယ်။ သားသားမီးမီးတွေ မှတ်ဉာဏ်ထက်မြက်ဖို့အတွက် လုပ်ရမယ့်နည်းလမ်းတွေကတော့

တရားထိုင်နည်းသင်ကြားပေးပါ

တရားထိုင်တာက လူကြီးတွေအတွက်ရော ကလေးတွေအတွက်ပါ ကောင်းပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက တရားထိုင်နည်းသင်ပေးတာက ရေရှည်အကျိုးအတွက် အလေ့အကျင့်ကောင်းအဖြစ် မွေးမြူပေးတာဖြစ်ပါတယ်။ တရားထိုင်တာက ကလေးတွေကို စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်စေတဲ့အပြင် သူတို့ရဲ့မှတ်ဉာဏ်အားလည်းကောင်းစေပါတယ်။ ကလေးတွေကို (၅) မိနစ်လောက် တရားထိုင်တတ်အောင် မိဘတွေက သင်ကြားပေးသင့်ပါတယ်။ နောက်ပိုင်း သူတို့အရွယ်ရောက်ရင်ရောက်သလောက် တရားထိုင်တဲ့ အချိန်ကို တိုးမြှင့်ပေးလို့ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာကလည်း လူတိုင်းရဲ့တစ်နေ့တာဘဝမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်တဲ့ နောက်ထပ်အလေ့အထဖြစ်ပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက လေ့ကျင့်ခန်းလုပ်တတ်အောင် သင်ကြားပေးမယ်ဆိုရင် သူတို့ရဲ့စိတ်ကျန်းမာရေးနဲ့ကိုယ်ကျန်းမာရေးအတွက် ပိုကောင်းလာစေပါတယ်။ စိတ်ရောကိုယ်ရောကျန်းမာနေမှာ အာရုံစိုက်နိုင်ပြီး မှတ်ဉာဏ်အားကောင်းမှာဖြစ်တဲ့အပြင် ဦးနှောက်လုပ်ဆောင်မှုကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။

ကလေးတွေ သိထားတဲ့အရာတွေကို ပြန်ရှင်းပြခိုင်းပါ

တစ်စုံတစ်ခုကို ကောင်းကောင်းနားလည်ရင် အခြားသူတွေကို ရှင်းပြဖို့အတွက် လွယ်ကူနိုင်တယ်လို့ ပြောလို့ရပါတယ်။ ကလေးတွေ လေ့လာသင်ယူသိရှိထားတဲ့အရာတွေကို အခြားသူတွေကို ရှင်းပြသင်ကြားပေးတတ်အောင် သင်ကြားပေးပါ။ သူတို့လေးတွေ အကြောင်းအရာသစ်တစ်ခုကို လေ့လာတဲ့အခါ မိဘတွေ (သို့) သူတို့ရဲ့ညီ၊ညီမလေးတွေကိုလည်း သင်ကြားပေးဖို့ တောင်းဆိုကြည့်ပါ။ သူတို့နားလည်ထားတဲ့အရာတွေကို အခြားသူတွေ သိရှိအောင် ရှင်းပြပေးတာကလည်း မှတ်ဉာဏ်အားကောင်းစေတဲ့အပြင် သူတို့မသေချာတဲ့အရာတွေကိုလည်း ရှင်းလင်းသွားစေမှာဖြစ်ပါတယ်။

ဆေးရောင်ခြယ်ခိုင်းပါ

ကလေးတွေကို ရောင်စုံခဲတံတွေ အသုံးပြုပြီး ရုပ်ပုံတွေကို ဆေးရောင်ခြယ်ခိုင်းတာကလည်း မှတ်ဉာဏ်အားကောင်းစေမယ့်နည်းပါပဲ။ ကလေးတွေရဲ့ဦးနှောက်ကို တစ်ခုခုပေါ်အာရုံစိုက်စေတာကလည်း မှတ်ဉာဏ်အတွက်ကောင်းပါတယ်။ မိဘတွေက ကလေးတွေကို ရုပ်ပုံကားချပ် (သို့) စာအုပ်တစ်အုပ်ကို ပေးပြီး ဘယ်လိုအရောင်ခြယ်ပေးရမယ်လို့ ပြောတာဖြစ်ဖြစ် သူတို့ကြိုက်တဲ့အရောင်တွေနဲ့ ဆေးရောင်ခြယ်ခိုင်တာဖြစ်ဖြစ် လုပ်ခိုင်းလို့ရပါတယ်။

ဖုန်းသုံးတာ (သို့) တီဗီကြည့်တာတွေကို လျော့ချပေးပါ

အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ကလေးတွေကို အရမ်းထိတွေ့ခိုင်းတာက ကလေးရဲ့ဦးနှောက်ဖွဲ့စည်းမှုကို ပြောင်းလဲသွားစေနိုင်ပါတယ်။ သူတို့ရဲ့အာရုံစူးစိုက်နိုင်တဲ့ပမာဏနဲ့ အကြောင်းအရာတစ်ခုခုကို အကြာကြီးမှတ်သားထားနိုင်မှုတို့ကို လျော့ကျသွားစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့တီဗီကြည့်ချိန်၊ ဖုန်းသုံးချိန်တို့ကို ကန့်သတ်ပေးပါ။ မှတ်ဉာဏ်ထက်မြက်စေမယ့် စာဖတ်တာဖြစ်ဖြစ် လုပ်ဖို့ တိုက်တွန်းပေးသင့်ပါတယ်။

သင့်တင့်တဲ့အာဟာရဓာတ်ရှိအောင် ကျွေးပါ

သင့်တင့်မျှတတဲ့အာဟာရဓာတ်မရှိဘဲနဲ့ ကျန်းမာရေးကောင်းဖို့ဆိုတာ ခက်ခဲပါတယ်။ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများအတွက် အာဟာရဓာတ်လိုအပ်ပါတယ်။ ကလေးတွေကို အာဟာရဓာတ်ပြည့်ဝစွာ ကျွေးမှ ဦးနှောက်လုပ်ဆောင်ချက်အားကောင်းမှာဖြစ်တဲ့အပြင် မှတ်ဉာဏ်ချို့ယွင်းတာတွေလည်း ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကလေးတွေရဲ့မှတ်ဉာဏ်အားကောင်းစေဖို့အတွက် အိုမီဂါ ၃၊ အန်တီအောက်စီဒန့်ဓာတ်အပါအဝင် လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်တဲ့အစားအစာတွေကို ကျွေးသင့်ပါတယ်။

Ref: Ways to boost your child’s memory naturally

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top