ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်တဲ့အနေအထားရှိတဲ့ အပြင်အနိုင်ရနိုင်တဲ့ အနေအထားတွေကိုလည်း မြင်တွေ့နေရပြီလို့ဆို

7-10-2020-yyl-020.jpg

ရန်ကုန် အောက်တိုဘာ ၇

ရန်ကုန်တိုင်းမှာဖြစ်ပွားနေတဲ့ COVID-19 ရောဂါပြန့်ပွားနေမှုအခြေအနေဟာ နိုင်နိုင်နင်းနင်းဆောင်ရွက်ပြီး ထိန်းချုပ်နိုင်တဲ့အနေအထားရှိတဲ့အပြင် အနိုင်ရနိုင်တဲ့အနေအထားတွေကိုလည်း မြင်တွေ့နေရပြီလို့ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ရန်ကုန်တိုင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဒုတိယ ဥက္ကဌ(၁) ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်တဲ့ရှင်းလင်းပြောကြားချက်မှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

”အခုအချိန်မှာ Contain လုပ်နေနိုင်တဲ့အနေအထားရှိပါတယ်။ Stay at Home လည်း ထုတ်ပြန်တယ်။ ပြည်သူလူထုကလည်း လိုက်နာတယ်။ ကုသစောင့်ရှောက်တဲ့ဘက်ကလည်း ထိန်းချုပ်နိုင်အောင် အစွမ်းကုန် ကြိုးစားကြတယ်။ ကြိုးစားကြတဲ့အတိုင်းလည်း ထိန်းချုပ်နိုင်နေပါတယ်”လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အခုလိုပြောပြတာဟာ လက်မထောင်ဖို့မဟုတ်ဘဲ ဒီအခြေအနေကို အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆက်လက်ထိန်းသိမ်းထားဖို့အတွက်ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။

အခုလိုထိန်းချုပ်နိုင်ဖို့အတွက် ပြစုစောင့်ရှောက်ရတဲ့ဝန်ထမ်းတွေအနေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေ ရတဲ့အပြင် အင်းအားကိုလည်း အများဆုံးထုတ်ပြီး လုပ်ဆောင်နေရတယ်လို့လည်း သူက ဆိုပါတယ်။

” ဒါကို ဆက်ပြီးထိန်းထားဖို့လိုပါတယ်။ ဒါကြောင့် Stay at Home ကို နှစ်ပတ်ထပ်တိုးလိုက်တာဖြစ်ပါတယ်။ အဲဒီနှစ်ပတ်ဟာ အများကြီးထိရောက်မှာ ဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ဆိုရင် ဒီတိုက်ပွဲဟာ အခြေအနေ ကောင်း နေတယ်”လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ လူနာပေါင်း ၆၀၀၀ ကျော်၊ ၇၀၀၀ နီးပါးကို ကုသနေရတာဖြစ်ပြီး အဲဒီထဲက ၁၀ ရာခိုင်နှုန်းလောက်သာ ICU တို့၊ HDU တို့၊ အောက်စီဂျင်တို့ လိုအပ်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါတွေအတွက်လည်း အစွမ်းကုန်ဖြည့်စီးဆောင်ရွက်နေတဲ့အပြင် ဆေးဝါးတွေကိုလည်း နိုင်ငံတကာအဆင့်မီ ဆေးဝါးတွေကို အသုံးပြုပြီး ကုသနေတာဖြစ်တဲ့အတွက် သေဆုံးနှုန်းတွေကိုလည်း လျှော့ချလာနိုင်မှာြဖစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက အသိပေးပြောကြားလိုက်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top