ပြည်တွင်းသတင်းတိုကဏ္ဍ

30738462_1534319346693984_5192839421933649920_n.jpg

ဒီတစ်ပတ်ပြည်တွင်း သတင်းတိုကဏ္ဍမှာတော့ ရှမ်းပြည်နယ်မှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ၊ အမျိုးသမီးတွေ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိစ္စအကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မြန်မာဘက်က ရှင်းတဲ့ သတင်း၊ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ယောက် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးမှုအတွက် ဘတ် ၅ သိန်းလျော်ကြေးရတဲ့သတင်းတွေနဲ့ အတူ

သတင်းတို ၅ ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။

 

ရှမ်းပြည်နယ်မှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နောင်ခွန်ကျေးရွာအနီးမှာ လက်နက်ခဲယမ်းတွေ သိုဝှတ်ထားတယ်လို့ သတင်းရတာကြောင့် နယ်မြေခံတပ်မတော်သားတွေက ဧပြီ ၁၂ ရက်က သွားရောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။

ဒီလိုစစ်ဆေးတဲ့အခါမှာတော့ နောင်ခွန်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာမှာ သစ်ပင်တွေနဲ့ ဖုံးအုပ်ထားတဲ့ အကျယ်ပေ ၂၀ ခန့်၊ အရှည်ပေ ၂၀ ခန့်ရှိတဲ့ ကျောက်လိုဏ်ဂူအတွင်းမှ ဆာလာအိတ်၊ ပလတ်စတစ်ပုံးတွေနဲ့ ထုတ်ပိုးထားတဲ့ အမ် ၂၂ သေနတ် ၁၀ လက်၊ ၎င်းကျည် ၁၃၁၀၀ တောင့်၊ ၎င်းကျည်အိမ် ၂၇ ခု၊ အီဂါနာဗုံးသီးတစ်လုံး၊ ၆၀ မမ ဗုံးသီးစနက်အုံပါနှစ်လုံး နဲ့ စနက်အုံအပိုနှစ်ခု၊ ဒေသန္တရမိုင်းမျိုးစုံ ၂၀ လုံး၊ ၆၀ မမ ဗုံးသီးအကူယမ်းထုပ် ၅၇ ထုပ်၊ ကျည်စလွယ် ၁၁ ခု၊ Equipment ၁၀ ခု၊ တအောင်းလက်နက်ကိုင်တပ်ဖွဲ့(TNLA) တံဆိပ်ပါပြောက်ကျားအကျီၤ ၄၃ ထည်၊ ဘက်တံဆိပ်မပါ လေးထည်၊ ပြောက်ကျားဘောင်းဘီ ၃၉ ထည်၊ ကျောပိုးအိတ် ၁၄ လုံး၊ ဦးထုတ်တစ်လုံး၊ ရေဘူးသုံးလုံး၊ ပြောက်ကျားစွပ်ကျယ် လက်တိုကိုးထည် နဲ့ ပလတ်စတစ်ပုံးခြောက်ပုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Photo – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

မူးယစ်တရားခံကိုဖမ်းမိရာမှာ လုယက်မှု ၆ မှုနဲ့ ခိုးမှု ၄ မှုပါ ကျူးလွန်သူဖြစ်နေ

ဒီလ ၈ ရက် မူးယစ်ဆေးဝါးသတင်းအရ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက် ၊ Water Bus ဂိတ်အနီးမှာ ကမ်းနားအနောက်ရပ်ကွက်၊ နယ်မြေ ၁ မှာနေထိုင်တဲ့ အောင်စည်သူ(ခ)စည်သူ ၂၀ နှစ်ကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးတဲ့အခါမှာတော့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈ ပြား၊ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာကြောင့် အင်းစိန်မြို့မရဲစခန်းမှာ မယ(ပ)/၂၈/၂၀၁၈ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစောသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)နဲ့ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တရားခံကို ထပ်မံစစ်ဆေးခဲ့ရာမှာတော့ အင်းစိန်မြို့နယ်အတွင်း လမ်းသွားလမ်းလာတွေစီက တယ်လီဖုန်းတွေကို ခြောက်ကြိမ်တိုင်တိုင်လုယက်မှုကျူးလွန်ထားပြီး ၊ မတ်လအတွင်းကလည်း ကမ်းနားအနောက်ရပ်ကွက်အတွင်းက နေအိမ်တွေထဲက တယ်လီဖုန်းတွေကို လေးကြိမ်တိုင်တိုင်ခိုးယူမှု ကျူးလွန်ထားတယ်လို့ ရဲတပ်ဖွဲ့က ဒီလ ၁၈ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

Photo- Yangon Police

 

အမျိုးသမီးတွေ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိစ္စအကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မြန်မာဘက်က ရှင်း

အမျိုးသမီးတွေ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးကိစ္စနဲ့ပက်သက်ပြီး နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ဒီလ ၁၆ ရက်က ကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲတစ်ရပ်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တက်ရောက်ပြီး ရှင်းလင်းခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဦးဟောက်ဒိုဆွမ်းက ပဋိပက္ခနဲ့ ဆက်စပ်တဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုကာကွယ်တာဆီးရေးမှာ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အကြောင်း၊ ဒီကိစ္စတွေနဲ့ ပက်သက်တဲ့ အတွင်းရေးမှူးချုပ်ရဲ့ နှစ်စဉ်အစီရင်ခံစာမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ အရေးပါတဲ့ခြေလှမ်းတွေ စတင်နိုင်ခဲ့တာကို အသိအမှတ်ပြုထားကြောင်း တက်ရောက်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo-Information Committee

စစ်ဘက် အရပ်ဘက်ဆက်ဆံရေးမှာ ပိုမိုအရေးကြီးလာတာကြောင့် ဥပဒေတွေကို ပိုမိုသိရှိနားလည်ဖို့ လိုအပ်ကြောင်း တပ်ချုပ်တိုက်တွန်း

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းကြရာတွင် စစ်ဘက်၊ အရပ်ဘက်ဆံဆံရေးမှာ ပိုမိုအရေးကြီးလာတဲ့အတွက်ကြောင့် ဥပဒေများကို ပိုမိုသိရှိနားလည်ဖို့ လိုအပ်ကြောင်း တပ်မတော်သားတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီလ ၁၈ ရက် ပြည်ဦးလွင်တပ်နယ်၊ တပ်မတော်အုပ်ချုပ်မှုကျောင်းမှာ တက်ရောက်နေတဲ့ ဥပဒေ(အရာရှိ) ဒီပလိုမာ သင်တန်းက တပ်မတော်အရာရှိကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုတိုက်တွန်းပြောကြားလိုက်တာပါ။

ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းမှုမရှိသေးခြင်း၊ နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ငြိမ်းချမ်းမှုရှိအောင် ဆောင်ရွက်ဖို့လိုပြီး နိုင်ငံရေးတည်ငြိမ်မှုမရှိချိန်မှာ မိမိတို့တပ်မတော်သည် နိုင်ငံရေးအရအသုံးချခံ မဖြစ်ဖို့လိုတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo – တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ယောက် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးမှုအတွက် ဘတ် ၅ သိန်းလျော်ကြေးရ

ထိုင်းနိုင်ငံ၊ နခွန်ပထုန်၊ စမ်ဖမ်မြို့နယ်၊ ပလတ်စတစ် အလုပ်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစေ်ယောက် လုပ်ငန်းခွင်မှာ မတော်တဆ ထိခိုက်မှုဖြစ်တာကြောင့် နစ်နာကြေးခံစားမှုအတွက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) ကို ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ MWRN က ဒီလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

MWRN တာဝန်ရှိသူတွေက နစ်နာကြေးခံစားမှုအကြောင်းကို ရှင်းလင်းပြပြီး လိုအပ်သောစာရွက်စာတမ်းတွေ ပြင်ဆင်ထားကာ အလုပ်ရှင်နဲ့ ဆွေးနွေးဖို့လည်း အကြံပြုခဲ့ပါတယ်။ အဲ့ဒီနောက် အလုပ်ရှင်၊ အလုပ်သမားနဲ့ MWRN တို့တွေ့ဆုံဆွေးနွေးကြရာ နစ်နာကြေးအဖြစ် ဘတ်ငွေ ငါးသိန်း နဲ့ လက်တုတပ်ဆင်ပေးဖို့ သဘောတူညီမှုရအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

Photo – MWRN

 

Thar Ko (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top