အချိန်အကြာကြီး Mask ဝတ်ထားရတာကြောင့် အသားရေပျက်စီးမှုမဖြစ်အောင် ကာကွယ်ဖို့ဆိုရင်

18-6-2020-yyl-019.jpg

Lockdown တချို့ဖြေလျော့ပေးလိုက်ပေမယ့် စည်းမျဉ်းတချို့တော့ရှိနေဆဲပါပဲ။ လက်ဆေးတာနဲ့ Mask ဝတ်ရမယ့် စည်းမျဉ်းတွေကတော့ မဖြစ်မနေရှိနေရဦးမှာပါ။ အပြင်သွားမယ်ဆိုတာနဲ့ COVID-19 အန္တရာယ်ကို ကြောက်ရတဲ့အတွက် Mask ကို အမြဲဝတ်ထားရပါတယ်။ အဲဒီလို အချိန်အကြာကြီးဝတ်ထားရတာကြောင့် မျက်နှာက အသားရေတွေကို ထိခိုက်လာနိုင်စေပါတယ်။ ဒါကြောင့် သင့်အသားရေကို မထိခိုက်စေဖို့အတွက် ရိုးရှင်းတဲ့ အသားရေထိန်းသိမ်းနည်းတွေကို လုပ်ပေးသင့်ပါတယ်။

Mask အမြဲဝတ်ထားရခြင်းကြောင့် အသားရေပေါ်အကျိုးသက်ရောက်မှု

အချိန်အကြာကြီး Mask ဝတ်တာက မျက်နှာအသားရေမှာ ဖိအားကြောင့် အမှတ်အသားကျန်တာ၊ ဓာတ်မတည့်တာ၊ အနီကွက်ထတာ၊ ဝက်ခြံထွက်တာတွေအပြင် ပါးစပ်တစ်ဝိုက်မှာ အသားရေလျော့ရဲ တာတွေတောင်ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့တွေက Mask ကိုဝတ်လိုက်တဲ့အခါမှာ ချွေးနဲ့အဆီတွေရောရင်းနဲ့ အသက်ရှုထုတ်ကြရပါတယ်။ အသားရေရဲ့ pH ပမာဏက လျော့နည်းသွားပြီး စိတ်မသက်သာဖြစ်လာရပါတယ်။ Mask ဝတ်တာက မျက်နှာမှာ ဖိအားနည်းနည်းရှိတဲ့အတွက် အဖုအပိမ့်အနီကွက်၊ ဝက်ခြံ၊ အနာစိမ်းပေါက်တာ၊ အရေးကြောင်းပေါ်လာတာ၊ အသားရေလျော့ရဲလာတာ တွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

ကိုယ်တိုင်ချုပ်လုပ်တဲ့Mask တွေက မျက်နှာနဲ့ အမြဲပွတ်မိတာကြောင့် သင့်အသားရေကို ထိခိုက်နိုင်ပါတယ်။ နှာခေါင်းမှာ အဖုအပိမ့်ထွက်တာ၊ နှုတ်ခမ်းက ခြောက်သွေ့လာပြီး ပါးမှာလည်း ပွန်းပဲ့စေနိုင်တယ်လို့ အလှအပနဲ့ အရေပြားပညာရှင် ဂျော်လီ ချန်ဒါက ပြောပါတယ်။

Mask မဝတ်ခင်မှာ Mask အမျိုးအစားကို သိပါ

လေ့လာချက်တွေအရ လူတစ်ယောက်က Mask ရွေးချယ်တဲ့အခါ အရမ်းဂရုစိုက်ဖို့လိုပါတယ်။ Mask ရဲ့အသားက သင့်အသားရေနဲ့ တည့်သင့်ပါတယ်။ Mask ရဲ့အသားက သက်တောင့်သက်သာဖြစ်ပြီး ချွေးတွေကိုလည်း စုပ်ယူနိုင်ရပါမယ်။ ပိုးသား၊ ဂျင်းသား Mask တွေကို မဝတ်တာအကောင်းဆုံးပါပဲ။ အဲဒီMaskရဲ့အထည်တွေက မျက်နှာမှာပွတ်တိုက်မိတာများရင် အသားရေကို ပျက်စီးစေနိုင်ချေများပါတယ်။

အသားရေပျက်စီးခြင်းကို ကာကွယ်ဖို့အတွက် လိုက်နာသင့်တဲ့ နည်းလမ်းများ

Mask ဒီဇိုင်းကို ပြောင်းပေးပါ – အံမကျတဲ့၊ မတော်တဲ့ Mask တွေကို မဝတ်ပါနဲ့။ နေ့တိုင်း Mask တွေကို လဲလှယ်ပေးဖို့ အရေးကြီးပါတယ်။ Mask ရဲ့ဒီဇိုင်းကိုလည်း ပြောင်းပေးသင့်ပါတယ်။ ဒီနည်းက အသားရေရဲ့ကော်လဂျင်တွေကို ပျက်စီးစေတာ၊ အသားရေလျော့ရဲတာတွေကို ဖြစ်လာစေနိုင်မှာမဟုတ်ပါဘူး။

Sunscreen နဲ့ moisturiser ကို အသုံးပြုပါ – Mask ဝတ်ထားပေမယ့်လည်း Sunscreen နဲ့ Moisturiser ကို လိမ်းပေးသင့်ပါတယ်။ သာမန်အသားရေကစပြီး အဆီပြန်တဲ့အသားရေအထိ SPF 40 ကို လိမ်းပေးရပါတယ်။ အသားရေခြောက်သွေ့တဲ့သူတွေကတော့ ရေဓာတ်ပါဝင်တဲ့ moisturiser ကို ထပ်လိမ်းပေးသင့်ပါတယ်။ အဲဒါတွေကို လိမ်းပေးတာကလည်း Mask အမြဲဝတ်ထားခြင်းကြောင့် အသားရေပျက်စီးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Face Shield ကို ဝတ်ပေးပါ – အသားရေမပျက်စီးဖို့အတွက် Mask ချည်းပဲ အမြဲမဝတ်ဘဲ Face Shield ကိုလည်း ပြောင်းဝတ်ပေးသင့်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့အတွက် ရုံးမှာရှိနေတဲ့အချိန်တွေမှာ face shield ကို ဝတ်ပေးလို့ရပါတယ်။ Face Shield က မျက်နှာကို ဖိအားမပေးတာကြောင့် အသားရေပျက်စီးတာမျိုးတွေ မဖြစ်စေနိုင်ပါဘူး။

အသားရေကို ရေဓာတ်ဖြည့်ပေးပါ – ရေသောက်ရုံနဲ့ မလုံလောက်ပါဘူး။ အခုလိုအချိန်မျိုးမှာ အသားရေမပျက်စီးဖို့အတွက် အရည်အသွေးကောင်းတဲ့ မျက်နှာသစ်ဆေးနဲ့ တိုနာတို့ကို အသုံးပြုပေးသင့်ပါတယ်။ အိမ်တွင်းနည်းလမ်းတွေကလည်း အလုပ်ဖြစ်ပါတယ်။ ခရမ်းချဉ်သီးအရည်က မျက်နှာမှာ အရာထင်တာတွေဖယ်ရှားပေးနိုင်တဲ့အပြင် ဒိန်ချဉ်မျက်နှာပေါင်းတင်နည်းကလည်း ရေဓာတ်ဖြည့်ပေးပြီး အသားရေနူးညံ့သွားစေနိုင်ပါတယ်။ တစ်နေ့လုံး Mask ဝတ်ထားရတာကြောင့် အသားရေပျက်စီးခြင်းကို ကာကွယ်ဖို့အတွက် ညအိပ်ရာမဝင်ခင် အသားရေထိန်းသိမ်းပေးသင့်ပါတယ်။

Ref:Wearing masks for long hours? Here’s how to protect your skin

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top