အစားလည်းမလျှော့ဘဲနဲ့ မနက်ဆို ဘာလို့ ဗိုက်တွေဆာပြီး နိုးလာရတာလဲ

breakfast.jpg

အစားလျှော့နေလို့ ညစာမစားလို့ မနက်ပိုင်း ဗိုက်တွေဆာပြီး နိုးလာတယ်ဆို ထားပါတော့။ ခုဟာက ပုံမှန်လည်းစားနေရက်သားနဲ့ မနက်မျက်လုံး ပွင့်လာတာနဲ့ ဗိုက်ကြီးက ဟာတာတာနဲ့ ဆာနေတယ်ဆိုတာ ဘာတွေကြောင့် ဖြစ်ရတာလဲ။ အစာအိမ်ရောဂါများရနေပြီလား..။

အများအားဖြင့် ပုံမှန် ဗိုက်အဆာဆုံးအချိန်က ညနေခင်းပါ။ ဗိုက်ဆာမှု အနည်းဆုံး အချိန်တွေကတော့ မနက်ခင်းနဲ့ ညပိုင်းအချိန်တွေပါ။ ဒါပေမယ့် တစ်ချို့လူတွေအတွက်တော့ ဒီ အနည်းဆုံးဖြစ်တဲ့ ညသန်းခေါင်းကျော်နဲ့ မနက်အစောပိုင်း အချိန်တွေမှာ ဗိုက်ဆာတာမျိုးဖြစ်တတ်တာက ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။

အိပ်ရာမဝင်ခင် အစားတွေ အများကြီးစားထားလို့ပါ

အိပ်ရာဝင်ခါနီး (၁) နာရီ (၂) နာရီလောက်အလိုမှာ သရေစာဖြစ်ဖြစ်၊ ဗိုက်ပြည့်အောင်ဖြစ်ဖြစ် တင်းနေအောင် စားလိုက်ရင် မနက်နိုးလာတဲ့အချိန် ဗိုက်ဆာနေတော့မှာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက အိပ်ခါနီးအစာစားလိုက်လို့ တက်သွားတဲ့သွေးတွင်း သကြားဓာတ် တွေ ပုံမှန်ပြန်ရောက်အောင် အင်ဆူလင်တွေ အများကြီးထွက်လာပါတယ်။ ထွက်လာတဲ့အင်ဆူလင်တွေက သကြားဓာတ်တွေကို ဆဲလ်ထဲ အကုန်သွင်းလိုက်တာကြောင့် သွေးတွင်းမှာ သကြားဓာတ်တွေနည်းသွားပြီး မနက်ရောက်လာတဲ့အခါ ဗိုက်ဆာနေတာဖြစ်ပါတယ်။

အိပ်ချိန်နောက်ကျပြီးအိပ်ရေးမဝတာကြောင့် ဖြစ်နိုင်ပါတယ်

အိပ်ရေးမဝတဲ့အခါ ကမော်ကမဖြစ်သွားတဲ့သွေးတွင်းသကြားဓာတ်ကတစ်ကြောင်း၊ အိပ်ချိန်နောက်ကျရင် ထွက်လာတတ်တဲ့ ghrelin ဟော်မုန်းကြောင့် ဗိုက်ဆာမှာကတစ်ကြောင်းနဲ့ မနက်ပိုင်းနိုးလာတဲ့အချိန် ဗိုက်ကြီးက ဆာနေတော့မှာပါ။

ဓမ္မတာလာခါနီးရင် ဖြစ်တတ်တဲ့ လက္ခဏာတွေထဲကတစ်ခုပါ

ဓမ္မတာလာခါနီးရင် ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြော့င် ကိုယ့်တွင်း ဇီဝကမ္မဖြစ်စဉ် တွေ ပြောင်းလဲပြီး မနက်အိပ်ရာနိုးနိုးချင်း ဗိုက်ဆာတာမျိုးဖြစ်တတ်ပါတယ်။

ရေဆာနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်

ညဘက် အိပ်ကောင်းနေတဲ့အချိန် ဆီးထ မသွားချင်တာကြောင့် အိပ်ခါနီးရေဆာပေမယ့် ရေမသောက်လိုက်ဘဲ အိပ်ရာဝင်တဲ့အခါ မနက်နိုးလာချိန် ဗိုက်ဆာနေတတ်ပါတယ်။ ဘာ့ကြောင်ံလဲဆိုတော့ ရေဆာတဲ့ခံစားမှုနဲ့ ဗိုက်ဆာတဲ့ ခံစားမှုကို မနက်နိုးတဲ့အချိန် မခွဲနိုင်သေးတာကြောင့်ပါ။ ဒါ့ကြောင့်နိုးနိုးချင်း ရေကို တစ်ဝလောက်သောက်ချလိုက်ပါ။ ရေသောက်လိုက်လို့ ဗိုက်ပြည့်သွားရင် ဒါရေဆာနေတာပါ။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေ များလွန်းရင် ထွက်လာတဲ့ cortisol ဟော်မုန်းက ဆာလောင်ခြင်းကို အားပေးတာကြောင့် မနက်ပိုင်း ဗိုက်တွေဆာပြီး နိုးလာတတ်ပါတယ်။

အိပ်ခါနီး လေ့ကျင့်ခန်း တွေ လုပ်ထားတဲ့အခါ

ညနေပိုင်း လေ့ကျင့်ခန်းလုပ်ဖို့ မအားလို့ပဲ ဖြစ်ဖြစ်၊ ညဘက်အိပ်ကောင်းအောင် ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးတွင်း သကြားဓာတ်တွေ ကုန်သွားလို့ မနက်နိုးလာတဲ့အချိန် ဗိုက်ဆာတာမျိုး ဖြစ်တတ်ပါတယ်။

ဒါဆို ဒါတွေကို ဘယ်လိုသက်သာအောင် လုပ်လို့ ရမလဲ

ကိုယ်က ညည ဗိုက်ဆာတတ်တဲ့သူဆိုရင် အ စားတွေကို အရမ်းအပြည့်ကြီး မစားဘဲ အပေါ့စားသရေစာလေးတွေ လောက်ပဲ စားပေးပါ။ သကြားများတာ ကစီဓာတ်များတွေရှောင်ပြီး အသီးအရွက်များများစားပေးပါ။

Ref: Helloဆရာဝန်
ရေးသားသူ – Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top