အသက်အရွယ်နှင့်မလိုက်အောင် လက်စွမ်းထက်နေဆဲ ONE Championship ကစားသမားကြီးများ

one.jpg

“အသက်အရွယ်ဟူသည် ကိန်းဂဏန်းမျှသာ” ဟူသည့်စကားအတိုင်း အချို့လူပုဂ္ဂိုလ်များသည် အကောင်းဆုံး အသက်အရွယ်ကိုကျော်လွန်သွားသည်တိုင် ၎င်းတို့၏အကောင်းဆုံးစွမ်းရည်များကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်စွမ်းရှိကြသည်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုစွမ်းရည်ကို အပြည့်အဝအသုံးချရသည့် ကိုယ်ခံပညာအားကစားလောကတွင် အသက်အရွယ်သည် အထူးအရေးပါသော်လည်း အချို့ကစားသမားများသည် အသက်အရွယ်နှင့်မလိုက်အောင် ထက်မြက်သည့်လက်စွမ်းကို ထိန်းသိမ်းထားနိုင်ကြသည်။ ယင်းသို့ အရွယ်နှင့်မလိုက်အောင် လက်စွမ်းထက်နေသည့် ONE Championship မှကစားသမားအချို့အကြောင်းကို စုစည်းတင်ပြလိုက်ပါသည်။

Brandon Vera

ONE ၏ လက်ရှိ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ Brandon “The Truth” Vera သည် ၁၉၇၇ ခုနှစ်တွင်မွေးဖွားသူ ဖြစ်သဖြင့် လက်ရှိအချိန်တွင် အသက် (၄၂) နှစ်နီးပါးရှိနေပြီဖြစ်သည်။ သို့သော် ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ယခုအချိန်ထိထိန်းသိမ်းထားဆဲဖြစ်ပြီး စိန်ခေါ်လာသည့်ပြိုင်ဘက်များအားလုံးကို လည်း အနိုင်ယူခဲ့သည်။ လာမည့် အောက်တိုဘာလတွင် ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်ထံမှ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကိုပါ လုယူရန် စီစဉ်ထားသူဖြစ်သည်။

ဖိလစ်ပိုင်တွင်မွေးဖွားကြီးပြင်းသူမဟုတ်သော်လည်း လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသားခံယူကာ မနီလာမြို့၌ အခြေစိုက်နေထိုင်နေသူ Vera သည် ၎င်း၏ Alliance Training Centre မှ မျိုးဆက်သစ် ဖိလစ်ပိုင်ကိုယ်ခံပညာ ကစားသမားများကို မြေတောင်မြှောက်ပေးလျက်ရှိသည်။

ဖိလစ်ပိုင်ဖခင်နှင့် အီတလီမိခင်တို့မှ အမေရိကန်နိုင်ငံတွင်မွေးဖွားခဲ့သူ Vera သည် ကျောင်းသားဘဝက နပမ်းအားကစားကိုထူးချွန်သဖြင့် တက္ကသိုလ် ပညာသင်ဆုပင်ရရှိခဲ့သည်။ ကျောင်းမပြီးခင်တွင် အမေရိကန် လေတပ်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး လေတပ်ထဲတွင်လည်း နပမ်းလက်ရွေးစင် ဖြစ်ခဲ့သည်။ လေတပ်မှ ဆေးပင်စင်ဖြင့်ထွက်လာခဲ့ပြီးနောက်တွင် ဘရာဇီးလ်ဂျူဂျစ်ဆုနည်းပြဆရာတစ်ဦး၏အကူအညီဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကိုလေ့ကျင့်ခဲ့ပြီး မကြာမီ UFC နှင့် WEC ပြိုင်ပွဲများတွင် ဝင်ကစားနိုင်ခဲ့သည်။

၎င်းသည် ၂ဝဝ၅ တွင် WEC ၏ ဟဲဗီးဝိတ် Grand Prix ချန်ပီယံဖြစ်ခဲ့ကာ UFC တွင် (၈) နှစ်ကြာ ကစားခဲ့ပြီးနောက် ONE Championship သို့ ပြောင်းရွှေ့လာခဲ့သည်။ ၂ဝ၁၅ ဒီဇင်ဘာတွင် ONE ၏ ဟဲဗီးဝိတ် ချန်ပီယံဖြစ်လာခဲ့ပြီး ယခုအချိန်ထိ ယင်းချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်း ထားဆဲကစားသမားဖြစ်သည်။

Narantungalag Jadambaa

ONE Championship ၏ ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်း Narantungalag “Tungaa” Jadambaa ကို ၁၉၇၅ ခုနှစ်တွင်မွေးဖွားခဲ့ပြီး လက်ရှိတွင် အသက် (၄၄) နှစ် နီးပါးရှိပြီဖြစ်သည်။ Jadambaa သည် ၂ဝ၁၄ ခုနှစ်က ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို တစ်ကြိမ်သိမ်းပိုက်နိုင်ခဲ့ပြီး ၂ဝ၁၆ တွင်တစ်ကြိမ်၊ ယခုနှစ်တွင်တစ်ကြိမ် လက်ရှိချန်ပီယံများကိုစိန်ခေါ်ခဲ့သော်လည်း အနိုင်မရခဲ့သဖြင့်သာ နောက်တစ်ကြိမ်ချန်ပီယံ မဖြစ်ခဲ့ခြင်း ဖြစ်သည်။ မွန်ဂိုလီးယားနိုင်ငံသား Jadambaa သည် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ (၂ဝ) ကစားခဲ့ရာတွင် (၁၄) ပွဲအထိ အနိုင်ရခဲ့သူလည်းဖြစ်သည်။

Jadambaa ငယ်စဉ်က မောင်နှမငါးယောက်တွင် အကြီးဆုံးသားဖြစ်သည့်အတွက် ညီ၊ ညီမများကိုကာကွယ်ရန် တာဝန်အရှိဆုံးသူဖြစ်ခဲ့သည်။ ထို့ပြင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် မွန်ဂိုလီးယားတွင် ရာဇဝတ်မှုများ ထူပြောလာရာ မိသားစုကိုကာကွယ်ရန်တာဝန်က Jadambaa ၏ ပုခုံးပေါ်ရောက်လာခဲ့သည်။ ထို့ကြောင့် ဆရာတစ်ဦးလမ်းညွှန်မှုဖြင့် ဂျုဒိုကိုလေ့လာလိုက်စားခဲ့ပြီး ကရာတေးနှင့် Kickboxing တို့ကိုပါသင်ယူခဲ့သည်။

Jadambaa သည် ပြည်တွင်းကိုယ်ခံပညာပြိုင်ပွဲများတွင် အောင်မြင်မှုများရခဲ့ပြီးနောက် ဂျပန်သို့ထွက်လာကာ ပရော်ဖက်ရှင်နယ် Kickboxing ကစားသမားအဖြစ်ရပ်တည်ခဲ့သည်။ ထိုမှတဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသို့ကူးပြောင်းကာ Legend FC နှင့် ONE Championship တို့၏ ကမ္ဘာ့ချန်ပီယံခါးပတ်များ သိမ်းပိုက်နိုင်သည်အထိ အောင်မြင်ခဲ့သူဖြစ်သည်။

Alain Ngalani

ဟဲဗီးဝိတ်တန်းတွင် မွေထိုင်းနှင့် Kick Boxing ကမ္ဘာ့ချန်ပီယံ (၄) ကြိမ်ဖြစ်ခဲ့ဖူးသည့် Alain “The Panther” Ngalani သည် ၁၉၇၅ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ရာ အသက် (၄၄) နှစ် ကျော်ခဲ့ပြီဖြစ်သည်။ ယခုအချိန်ထိ ONE Championship ၏ ဟဲဗီးဝိတ်တန်းတွဲဆိုင်းများတွင် ပါဝင်လက်စွမ်းပြနေဆဲဖြစ်ပြီး Vera ထံမှ ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကိုပင် မျက်စပစ်နေသူဖြစ်သည်။ Ngalani တင်ထားသည့် ONE Championship ၏ အမြန်ဆုံး အလဲထိုးစံချိန်ကို မည်သည့်ကစားသမားမျှ မမီသေးသည်ကိုလည်းတွေ့ရသည်။

ကင်မရွန်းတွင်မွေးဖွားခဲ့သည့် Ngalani သည် အသက် (၆) နှစ်ကတည်းက ကိုယ်ခံပညာကိုလေ့လာလိုက်စားခဲ့ရာ ၎င်း၏ဘဝတစ်လျှောက်တွင် ဂျူဒို၊ ကရာတေး၊ ပြင်သစ်လက်ဝှေ့၊ kickboxing၊ မွေထိုင်းနှင့် ဘရာဇီး ဂျူဂျစ်ဆုပညာများကိုသင်ယူခဲ့ဖူးသည်။

အာဖရိကနိုင်ငံများသို့လှည့်လည်ကာ ကိုယ်ခံပညာပြိုင်ပွဲများဝင်ရောက်ပြိုင်ခဲ့သူ Ngalani သည် ၁၉၉၈ တွင် အာဖရိကတိုက်၏ ဟဲဗီးဝိတ် Kickboxing ချန်ပီယံဖြစ်ခဲ့သည်။ ၂ဝဝ၁ တွင် ဟောင်ကောင်သို့ပြောင်းရွှေ့ အခြေချခဲ့ပြီးနောက် တစ်နှစ်အကြာတွင် မွေထိုင်း ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သည်။

ထို့နောက်တွင် မွေထိုင်းနှင့် Kickboxing ကမ္ဘာ့ချန်ပီယံခါးပတ်များကို (၄) ကြိမ်တိုင်တိုင်သိမ်းပိုက်ခဲ့ပြီး ONE Championship သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ONE Championship တွင် ပွဲပေါင်း (၁ဝ) ပွဲ ကစားခဲ့ပြီး (၄) ပွဲနိုင် (၅) ပွဲရှုံးထားသည်။ ကျန်တစ်ပွဲကို မတော်တဆထိခိုက်မိမှုကြောင့် ပွဲအထ မမြောက်ဟုသတ်မှတ်ခံရသည်။

Kotetsu Boku

ONE Championship ၏ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Kotetsu “No Face” Boku ကို ၁၉၇၇ ခုနှစ်တွင်မွေးဖွားခဲ့ပြီး လက်ရှိတွင် အသက် (၄၂) နှစ် ကျော်ပြီဖြစ်သည်။ ငယ်စဉ်က ဝယ်လ်တာဝိတ်၊ လိုက်ဝိတ်တို့တွင်ကစားခဲ့ပြီး လက်ရှိတွင် ဖယ်သာဝိတ်တန်းကစားနေသူ Boku သည် ၂ဝ၁၂ ခုနှစ်က ONE Championship ၏ ပထမဆုံး လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူဖြစ်သည်။ တောင်ကိုရီးယားတွင် မွေးဖွားခဲ့သော်လည်း ဂျပန်နိုင်ငံတွင် ကြီးပြင်းခဲ့ရသည့် Boku သည် သတ်သတ်လွတ်စားသည့် ထူးထူးခြားခြား ကိုယ်ခံပညာကစားသမားဖြစ်သလို အားလပ်ချိန်ကို ပန်းချီဆွဲခြင်းဖြင့် ကုန်ဆုံးစေတတ်သည့်အနုပညာရှင် တစ်ဦးလည်းဖြစ်သည်။

အသက် (၁၈) နှစ်ကတည်းက အနောက်တိုင်းလက်ဝှေ့ကိုဝါသနာပါပြီး လေ့လာသင်ယူခဲ့သည့် Boku သည် Kickboxing ကစားသမားအဖြစ် ကိုယ်ခံပညာ အားကစားလောကထဲဝင်ခဲ့သော်လည်း (၂၂) နှစ် အရွယ်တွင်ပင် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဘဝကို ကူးပြောင်းခဲ့သည်။ ဂျပန်၏ Shooto ပြိုင်ပွဲတွင် ဝယ်လ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး ONE Championship ၏ စတင်တည်ထောင်ကာစ အစောပိုင်းကာလများကတည်းက ပါဝင် ကစားနေခဲ့သူဖြစ်သည်။ ထို့ကြောင့် Boku ကျင်လည်နေသည့် ဝိတ်တန်းများတွင် လက်ရှိချန်ပီယံနှင့် နာမည်ကြီးကစားသမားအားလုံးနီးပါးကို ရင်ဆိုင်ခဲ့ ဖူးသည်။ Boku သည် ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း (၄၁) ပွဲ ကစားခဲ့ရာ (၂၆) ပွဲအထိ အနိုင်ရထားသည်။

Luis Santos

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပြိုင်ပွဲပေါင်း (၇၉) ပွဲအထိကစားထားသဖြင့် ONE Championship တွင် ပွဲအတွေ့အကြုံအများဆုံးကစားသမားဟု သတ်မှတ်ကြသည့် ဘရာဇီးသား Luis “Sapo” Santos သည် ၁၉၈ဝ ခုနှစ်တွင်မွေးဖွားသောကြောင့် အသက် (၄ဝ) နှီးပါးရှိနေပြီဖြစ်သည်။ သို့သော် ပွဲပေါင်း (၇၉) ပွဲတွင် (၆၅) ပွဲအထိ အနိုင်ရထားသည့် Santos သည် ယခုအချိန်ထိ ဝယ်လ်တာဝိတ်တန်းပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်သည်။ ၂ဝဝဝ ခုနှစ်ကတည်းက ကြိုးဝိုင်းထဲဝင်ရောက်လာခဲ့သူ Santos သည် ပထမဆုံးပွဲဦးထွက် (၁၂) ပွဲဆက်တိုက် အနိုင်ရခဲ့သူလည်းဖြစ်သည်။

ဂျူဒိုနှင့် ဘရာဇီးဂျူဂျစ်ဆုတို့တွင် ခါးပတ်နက်ရရှိထားသူ Santos သည် ဘရာဇီးလ်ပြည်တွင်းပြိုင်ပွဲများတွင် (၁၀) နှစ်ခန့်ကစားခဲ့ပြီး သူ၏ကျော်ကြားမှု ကြောင့် အမေရိကန်နာမည်ကျော် Bellator ပြိုင်ပွဲက ခေါ်ယူစာချုပ် ခဲ့သည်။ Bellator နှင့် XFC ပြိုင်ပွဲများတွင်လက်စွမ်းပြခဲ့ပြီးနောက် ONE Championship သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ Santos သည် ဝယ်တာဝိတ်နှင့် မစ်ဒယ်ဝိတ်တန်းတွဲဆိုင်းများကို အတက်အဆင်းကစားနေသူဖြစ်ပြီး ဝယ်လ်တာဝိတ်ချန်ပီယံကို စိန်ခေါ်ခွင့်တစ်ကြိမ်ရခဲ့ဖူးသော်လည်း ပြိုင်ဘက်၏မျက်စိကို မတော်တဆထိခိုက်မိ သဖြင့် ပွဲအထမမြောက်ဟု သတ်မှတ်ခြင်း ခံခဲ့ရသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top