မန်ယူကို ၂ ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၁၆ မှတ်ဖြတ် ဦးဆောင်လိုက်တဲ့ လီဗာပူး

yyl-007-10.jpg

လီဗာပူးကတော့ အန်ဖီးလ်ကွင်းမှာ မန်ယူကို ၂ ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ (တစ်ပွဲကျန်) ၁၆ မှတ်ဖြတ်ပြီး ဦးဆောင်လိုက်ပါပြီ။ ပွဲချိန်(၁၄)မိနစ်မှာ ထောင့်ကန်ဘောကနေ ဗန်ဒိုက်ဂျ်က အဖွင့်ဂိုးသွင်းခဲ့ပြီး ထပ်ဆောင်းအချိန်ပိုမှာ ဂိုးသမား အလစ်ဆန်ဘက်ကာ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆာလာက ဆွဲပြေးပြီး ဒုတိယဂိုး သွင်းခဲ့တာပါ။

ပွဲချိန် ၂၅ မိနစ်မှာ ဖာမီနိုက ဝေ့ဝိုက်ကန်ချက်နဲ့ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ အဲဒီဂိုးအတွက် ဘောလုံးရယူရာမှာ ဗန်ဒိုက်ဂျ်က ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး VAR စနစ်က ဂိုးမပေးခဲ့ပါဘူး။ မန်ယူအတွက် ချေပဂိုးရနိုင်မယ့် အခွင့်အရေးကောင်းတစ်ရပ်ကိုလည်း မာရှယ်က ဖြုန်းတီးပစ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူးအသင်း တိုက်စစ်အတွဲ ၃ ယောက်က ပုံမှန်ခြေစွမ်း အဆင့်အတန်းမှာ ရှိမနေခဲ့ပေမဲ့ ဖာမီနိုရဲ့ ပါးနပ်လိမ္မာတဲ့ ရွေ့လျားမှု၊ လှုပ်ရှားမှုတွေက မန်ယူခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

လီဗာပူး-မန်ယူပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မန်စီးတီးအသင်း သရေကျခဲ့ပြီး လက်စတာအသင်း ရှုံးနိမ့်ခဲ့လို့လီဗာပူးက တစ်ပွဲလျော့ ကစားထားချိန်မှာ ဒုတိယနေရာက မန်စီးတီးကို ၁၆မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေးက အနှေးနဲ့အမြန်ဆိုသလို အကောင်အထည်ပေါ်လာတော့မယ့် အနေအထားပါ။

ထူးခြားမှတ်တမ်း

  • အလစ်ဆန်ဘက်ကာဟာ ၂၀၁၀ ပြည့်နှစ်က တောရက်စ်အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ဂိုးသမား ပီပီရေနာနောက်ပိုင်း ဂိုးဖန်တီးမှုလုပ်နိုင်တဲ့ ပထမဆုံး လီဗာပူးဂိုးသမား ဖြစ်လာခဲ့ပါတယ်။
  • လီဗာပူးဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာ အများဆုံး ၉၃ မှတ်ရနိုင်တဲ့ အခြေအနေ(၃၁ ပွဲ)ကနေ ၉၁ မှတ်အထိ ရယူနိုင်ခဲ့ပါတယ်။
  • ဗန်ဒိုက်ဂျ်သွင်းယူတဲ့ ပထမဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ ညာနောက်ခံလူ အလက်ဇန္ဒားအာနိုးကတော့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တည်ကန်ဘောတွေကနေ ၅ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ တည်ကန်ဘောကနေ ဂိုးဖန်တီးမှုအများဆုံးလုပ်နိုင်တဲ့ ကစားသမားဖြစ်နေပါတယ်။
  • လီဗာပူးဟာ ဒီရာသီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲလုံး ဂိုးသွင်းနိုင်တဲ့ ပရီးမီးယားလိဂ်ရဲ့တစ်ခုတည်းသော အသင်းဖြစ်ပါတယ်။ ၂၀၀၁-၂၀၀၂ ခုနှစ်က အာဆင်နယ်နောက်ပိုင်း အခုလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်ပါတယ်။
  • ဆာလာဟာ ပရီးမီးယားလိဂ်မှာ သူ ရင်ဆိုင်ဖူးတဲ့ အသင်း ၂၄ သင်းအနက် ၂၃ သင်းကို ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူ ဂိုးမသွင်းနိုင်ခဲ့တဲ့ အသင်းကတော့ ဆွမ်ဆီး(လက်ရှိ ချန်ပီယံရှစ်မှာ ကစားနေ)အသင်းပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top