လူမှုကွန်ယက်မှာ အကဗီဒီယိုနဲ့ နာမည်ကြီးခဲ့ပြီး New York Dance Schoolရဲ့ ပညာသင်ဆုရခဲ့တဲ့ ကောင်လေး

12-8-2020-yyl-013.jpg

ယနေ့ခေတ်မှာဆိုရင် လူတော်တော်များများက လူမှုကွန်ယက်ပေါ်က မကောင်းတဲ့အရာတွေကို ထောက်ပြပေးတဲ့အပြင် လူတစ်ယောက်အောင်မြင်မှုရအောင်လည်း စွမ်းဆောင်ပေးနိုင်ကြပါတယ်။ မိုးရွာထဲမှာ ခြေဗလာနဲ့ဘဲလေးအကကနေတဲ့ နိုင်ဂျီးရီးယားက အသက်(၁၁) နှစ်အရွယ်ဘဲလေးအကသမားလေးတစ်ယောက်ရဲ့ ဗီဒီယိုကလည်း လူမှုကွန်ယက်မှာ ဇွန်လက နာမည်ကြီးခဲ့ပါတယ်။ အဲဒီလိုနာမည်ကြီးသွားခဲ့ပြီးတဲ့နောက်မှာ အန်သိုနီ (Anthony) ဆိုတဲ့ အဲဒီကောင်လေးက New York Dance School ကနေ ပညာသင်ဆုရရှိသွားခဲ့ပါတယ်။

အန်သိုနီရဲ့ဗီဒီယိုကို သူ့ရဲ့အကကျောင်းဖြစ်တဲ့ Leap of Dance Academy က မျှဝေရင်းနဲ့ လူမှုကွန်ယက်အကောင့်မှာ နာမည်ကြီးသွားခဲ့တာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေကို ကောင်လေးရဲ့ဝါသနာ၊ အရည်အချင်းတွေက ဆွဲဆောင်ခဲ့ပုံပါပဲ။ အဲဒီလိုနဲ့ နယူးယောက်မြို့ရဲ့ ABT Jacqueline Kennedy Onassis School of Dance ရဲ့အနုပညာဒါရိုက်တာ စင်သီယား ဟာဗေး (Cynthia Harvey) ကလည်း ကောင်လေးကနေတဲ့ဗီဒီယိုကို မြင်တွေ့သွားခဲ့ပါတယ်။ “UK မှာ နေတဲ့သူငယ်ချင်းတစ်ယောက်က ကျွန်မဆီကို ဗီဒီယိုတစ်ခုပို့ခဲ့တယ်။ တစ်ရက်တည်းမှာပဲ အဲဒီကောင်လေးကို ကျွန်မ ရှာဖို့ကြိုးစားနေခဲ့ပါတယ်”လို့ စင်သီယားက ဆိုပါတယ်။

နောက်ဆုံးမှာတော့ စင်သီယားက အန်သိုနီကို ရှာတွေ့သွားခဲ့ပါတယ်။ အဲဒီနောက်မှာ သူက အန်သိုနီကို အမေရိကန်နိုင်ငံမှာ အကပညာကို (၃) ပတ်တာတက်ရောက်သင်ယူနိုင်မယ့် ပညာသင်ဆုပေးအပ်ခဲ့ပါတယ်။ Leap of Dance Academy ကို အန်သိုနီရဲ့ဆရာ ဒန်နီရယ် အာဂျာလာ အိုဝိုဆီနီ (Daniel Ajala Owoseni) က ၂၀၁၇ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ (၃) နှစ်အကြာမှာ ကျောင်းက ကျောင်းသား/သူ (၁၂) ယောက်အတွက် နေရာမလောက်ဖြစ်နေခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် သူတို့တွေက အိုဝိုဆီနီရဲ့ကိုယ်ပိုင်မြေအောက်ခန်းမှာ အကလေ့ကျင့်ခဲ့ရသလို အများပြည်သူနေရာတွေမှာလည်း လေ့ကျင့်ခဲ့ရပါတယ်။ “ကျွန်တော်တို့က ဘဲလေးအကနဲ့ပတ်သက်ပြီး သမရိုးကျပုံစံကို ပြောင်းဖို့ ကြိုးစားနေတာပါ။

ယောက်ျားလေးတွေကလည်း ဘဲလေးအကကနိုင်ပါတယ်။ ဘဲလေးအကကို အမျိုးသမီးတွေအတွက်သာ မှတ်ယူထားကြတာပါ”လို့ အိုဝိုဆီနီက ပြောပါတယ်။ အန်သိုနီရဲ့ကျောင်းရဲ့ရည်မှန်းချက်က နိုင်ဂျီးရီးယားမှာ ဘဲလေးအကနဲ့ ကိုယ်စားပြုနိုင်တဲ့ သူတို့ရဲ့ကျောင်းသား/သူတွေရှိလာဖို့ပါပဲ။ အန်သိုနီ ပညာသင်ဆုရရှိခဲ့တဲ့အတွက် သူ့ရဲ့ကျောင်းက ဝမ်းသာပီတီဖြစ်ခဲ့တဲ့အပြင် မယုံကြည်နိုင်ဖြစ်ခဲ့ရတဲ့အတွက် အိပ်မက်မက်နေခဲ့တယ်လို့တောင် ထင်ခဲ့ကြတာပါ။ အကကို ကြိုးစားသင်ယူလေ့ရှိတဲ့ အန်သိုနီကလည်း သူ့အိပ်မက်တွေကို ရှေ့ဆက်နိုင်ဖို့အတွက် ဒီအခွင့်အရေးရခဲ့တာကြောင့် ပျော်ရွှင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အန်သိုနီက ပညာသင်ဆုအနေနဲ့ ရရှိခဲ့တဲ့ ABT Jacqueline Kennedy Onassis School of Dance မှာ တက်ရောက်နေပါတယ်။

အန်သိုနီရဲ့အကဗီဒီယို

Ref: BoredPanda “11-Year-Old Boy from Nigeria Receives A Scholarship From New York Dance School After His Barefoot Ballet Performance Goes Viral”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top