အိပ်မက်ယောင်ရခြင်းအကြောင်းအရင်း

27-10-2020-yyl-019.jpg

အိပ်နေရင်းနဲ့ အိပ်မက်ယောင်ပြီး စကားပြောတာကို လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ လူ (၆၆) ရာခိုင်နှုန်းက သူတို့ဘဝမှာ တစ်နည်းနည်းနဲ့ အိပ်မက်ယောင်တာကို ကြုံတွေ့ဖူးကြတယ်လို့လေ့လာချက်တွေက ဆိုထားပါတယ်။ တချို့က အိပ်မက်ယောင်ပြီး စကားပြောတာရှိသလို တချို့က အိပ်မက်ယောင်ပြီး လမ်းထလျှောက်တာရှိပါတယ်။ အိပ်မက်ယောင်ပြီး စကားပြောတာက ဘေးမဖြစ်စေတဲ့အပြင် ဆေးကုသမှုလည်းခံယူစရာမလိုပေမဲ့ အခြားသူတွေကိုတော့ စိတ်အနှောင့်အယှက်ဖြစ်စေပြီး အိပ်ရေပျက်စေနိုင်ပါတယ်။ ဘာလို့ အိပ်မက်ယောင်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို စာဖတ်ပရိသတ်တွေကို အနည်းငယ်မျှဝေပေးချင်ပါတယ်။

မျိုးရိုးဗီဇ

လူတွေက ဘယ်လို အိပ်မက်ယောင်ပြီး စကားပြောရလဲဆိုတဲ့ အကြောင်းအရင်းအတိအကျကို ကျွမ်းကျင်ပညာရှင်တွေကလည်း သတ်မှတ်မပေးနိုင်ကြပါဘူး။ ဆေးဘက်ဆိုင်ရာလေ့လာချက်တွေကတော့ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တယ်လို့ သက်သေပြထားပါတယ်။ ဖင်လန်နိုင်ငံနဲ့ ဂျပန်နိုင်ငံက လေ့လာချက်တွေမှာတော့ အမြွှာကလေး ၂ ဦးက အိပ်မက်ယောင်ပြီး လမ်းလျှောက်တာနဲ့အတူ အိပ်မက်ယောင်ပြီးစကားပြောတာကို မကြာခဏကြုံတွေ့ရတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အိပ်မက်ယောင်ပြီး စကားပြောတတ်တဲ့မိဘတွေက မွေးတဲ့ကလေးတွေကလည်း အိပ်ရင်းယောင်တတ်တယ်လို့ တချို့သုတေသနပညာရှင်တွေက ဆိုပါတယ်။

အိပ်ရေမဝတဲ့အခါ

ဘယ်သူမဆို အိပ်ရင်းယောင်တာကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ အိပ်ရေမတာလို တချို့အကြောင်းအရာတွေကလည်း အိပ်မက်ယောင်ပြီး စကားပြောတာကို ဖြစ်စေနိုင်ပါတယ်။ အိပ်ရင်း ယောင်တတ်တဲ့လူအများစုက စိတ်ဖိစီးမှုများတဲ့အတွက်၊ အိပ်ရေပျက်တာတွေကြောင့်ဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းအနားမယူရတဲ့အခါ အဲဒါက ကျွန်တော်တို့ရဲ့ဦးနှောက်မှာ လွှမ်းမိုးလာနိုင်ပြီး အိပ်စက်ချိန်မှာလည်း သွားသက်ရောက်မှုရှိနိုင်ပါတယ်။

အိပ်စက်မှုဆိုင်ရာမှုမမှန်တဲ့ပြဿနာတွေ

အိပ်ရင်း ယောင်တာက Somniloquy လို့ခေါ်တဲ့ အိပ်စက်မှုဆိုင်ရာမှုမမှန်တဲ့ ပြသနာပါပဲ။ ဒီလိုပြဿနာက ဘယ်သူမဆို အချိန်မရွေ့ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခြားအိပ်စက်မှုဆိုင်ရာမှုမမှန်တဲ့ပြဿနာတွေကို ကြုံတွေ့ရတဲ့လူတွေက သူတို့ရဲ့အိပ်စက်ချိန်စက်ဝိုင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ခြေပိုများပါတယ်။ အိပ်မက်ယောင်ပြီး စကားပြောတာ၊ အိပ်မက်ယောင်ပြီး လမ်းလျှောက်တာ၊ အိပ်မက်ဆိုးတွေကြားမှာ ဆက်စပ်မှုရှိတယ်လို့ ဆရာဝန်တွေက ယုံကြည်ထားကြပါတယ်။

သောက်လေ့ရှိတဲ့ဆေးဝါးတွေ

ဘေးထွက်ဆိုးကျိုးအနေနဲ့ သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ ဆေးဝါးတွေရှိပါတယ်။ အိပ်မက်ယောင်ပြီး စကားပြောတာလို့ အိပ်စက်ခြင်းပြဿနာတွေကို ဖြစ်စေတဲ့ ဆေးဝါးတွေက အိပ်စက်ချိန်အတွင်း ကြွက်သားတွေထိန်းချုပ်မှုပေါ်မှာ သွားသက်ရောက်စေပါတယ်။ ကျွန်တော်တို့ရဲ့ကြွက်သားတွေ တုံ့ပြန်မှုများလာတဲ့အခါ ခြေကန်တာ၊ အိပ်ရာပေါ်က ခုန်ချတာတွေဖြစ်လာနိုင်ပါတယ်။

အိပ်မက်ယောင်ပြီး စကားပြောတာကို ဘယ်လိုထိန်းချုပ်မလဲ

အိပ်မက်ယောင်ပြီးလမ်းလျှောက်တာ၊ စကားပြောတာတွေကို လျော့ချနိုင်ဖို့အတွက် လူသိများတဲ့နည်းလမ်းတော့မရှိပါဘူး။ ဒါပေမဲ့ အလေ့အထတချို့ကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ ထိန်းချုပ်လို့ရနိုင်မယ်ထင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အိပ်စက်ခြင်းအလေ့အထတချို့ကတော့

  • အိပ်ခါနီးကျမှ အစားအစာခြင်းကို ရှောင်ပါ
  • အရည်အသွေးကောင်းတဲ့အိပ်ရာခင်း၊ ခေါင်းအုံးတို့နဲ့ အိပ်စက်ပါ
  • ညနေခင်းပိုင်း နောက်ကျမှ ကော်ဖီသောက်တာကို ရှောင်ပါ
  • နေ့တိုင်း အိပ်ချိန်အတိအကျသတ်မှတ်ထားပါ စတဲ့ အချက်တွေပါပဲ။

Ref: Brightside “What Causes Us to Sleep Talk and How to Control It”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top