ည (၁၀) နာရီမှာ အိပ်ရာဝင်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

24-12-2020-yyl31.jpg

လူတော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာကတော့ အိပ်ချိန်မမှန်တာပါပဲ။ ညကျရင် မအိပ်ဘဲ မနက်အစောကြီးကျမှ အိပ်စက်တဲ့သူတွေရှိနေပါတယ်။ နေ့နဲ့ညမှားနေကြတာပါ။ အိပ်စက်ချိန်မမှန်ဘူးဆိုရင် ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ ညဘက်စောစောအိပ်စက်တာက သင့်ခန္ဓာကိုယ်အတွက်ရော၊ သင့်စိတ်ခံစားချက်အတွက်ပါ ကောင်းကျိုးတွေရလာနိုင်ပါတယ်။ ည (၁၀) နာရီမှာ အိပ်ရာဝင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ အဲဒီပြောင်းလဲမှုတွေက ကျွန်တော်တို့ကျန်းမာရေးအတွက် ကောင်းကျိုးတွေပါပဲ။ ည (၁၀) နာရီမှာ အိပ်စက်မယ်ဆိုရင်

အိပ်ချိန်တွေပိုရလာမယ်

ကျွန်တော်တို့အိပ်စက်ချိန်က ကောင်းကောင်းအိပ်ပျော်နေတဲ့အချိန်နဲ့ အရမ်းကြီးအိပ်မပျော်တဲ့အချိန်အနေနဲ့ ခွဲခြားထားပါတယ်။ ကောင်းကောင်းအိပ်ပျော်တဲ့အချိန်က ည (၁၀) နာရီနဲ့ မနက် (၂) နာရီကြားဖြစ်ပါတယ်။ ဆိုလိုတာက အဲဒီအချိန်အတွင်းမှာ အိပ်စက်မယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်ပြီး အိပ်ရေဝပါလိမ့်မယ်။ စောစောအိပ်စက်ပြီး အိပ်ချိန်ပြည့်အောင်အိပ်စက်တာက ညဘက် တွေးမိတဲ့ မကောင်းတဲ့အတွေးနဲ့ စိုးရိမ်ပူပန်မှုတွေကို ရပ်တန့်ပေးတယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ဒါကြောင့် ည (၁၀) နာရီက အိပ်ရာဝင်လို့ အကောင်းဆုံးအချိန်ပါပဲ။

ခန္ဓာကိုယ်ကောင်းမွန်မယ်

ကျွန်တော်တို့က ကောင်းကောင်းအိပ်ပျော်တဲ့အချိန်မှာ အိပ်စက်မယ်ဆိုရင် ကျွန်တော့်တို့ခန္ဓာကိုယ်က ကြီးထွားဟော်မုန်းတွေ ထုတ်လွှတ်ပေးပြီး ဒဏ်ဖြစ်တာတွေကို သူ့ဘာသာ ကုသပေးနေပါတယ်။ ဒီအရေးကြီးတဲ့လုပ်ဆောင်ချက်က သင့်ခန္ဓာကိုယ်ကို နောက်တစ်နေ့မှာ နာကျင်မှုတွေမရှိဘဲ ကောင်းမွန်စေပါလိမ့်မယ်။

စိတ်ဖိစီးမှု လျော့ကျသွားမယ်

အိပ်ချိန်မမှန်ဘဲ အိပ်ရေပျက်လာမယ်ဆိုရင် ခန္ဓာကိုယ်အတွင်းက ကော်တီဆုန်း စိတ်ဖိစီးမှုဟော်မုန်းနှစ်ဆတိုးလာတဲ့အတွက် သင့်ကို စိတ်ဖိစီးလာစေပါတယ်။ ကော်တီဆုန်းဟော်မုန်းအရမ်းများတာက သင့်ကို စိုးရိမ်ပူပန်မှုတွေခံစားရစေပြီး သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ အိပ်ချိန်မှန်ပြီး ကောင်းကောင်းအိပ်စက်မယ်ဆိုရင် ကော်တီဆုန်းဟော်မုန်းကို ထိန်းပေးနိုင်ပါလိမ့်မယ်။ စိတ်ဖိစီးမှုလျော့ကျသွားတဲ့အခါ တစ်နေ့လုံး အားအင်တွေပြည့်နေသလို ခံစားလာရပါလိမ့်မယ်။

ရောဂါဖြစ်တာ၊ ဖျားနာတာတွေ နည်းပါးလာမယ်

ည (၁၀) နာရီမှာ စောစောအိပ်ရာဝင်ပြီး အိပ်စက်တဲ့သူတွေက ညဘက် နောက်ကျတဲ့အထိ နေပြီးမှ အိပ်စက်တဲ့သူတွေနဲ့ယှဉ်ရင် ပိုပြီး ကျန်းမာရေးကောင်းတယ်လို့ လေ့လာချက်တော်တော်များများက ဆိုထားပါတယ်။ ကောင်းကောင်းမအိပ်စက်တဲ့သူတွေက ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေလို ရောဂါမျိုးတွေ ရနိုင်ခြေများတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားဆဲလ်တွေအတွက် ည (၁၀) နာရီနဲ့ မနက် (၂) နာရီကြား အိပ်စက်ချိန်က အရမ်းအရေးကြီးတယ်ဆိုတာကိုလည်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အိပ်ချိန်မမှန်တဲ့သူ၊ အိပ်ချိန်လုံလုံလောက်လောက်မရတဲ့သူတွေက ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်ပြီး အလွယ်တကူဖျားနာလာနိုင်ပါတယ်။

စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်လာနိုင်မယ်

သတ်မှတ်ထားတဲ့အချိန်မှာ ကောင်းကောင်းအိပ်စက်တဲ့သူတွေက ဘဝမှာ ပိုပြီးပျော်ရွှင်ကြရတယ်လို့ လေ့လာချက်တချို့က ဆိုပါတယ်။ ကျွန်တော်တို့တွေ အိပ်ချိန်လုံလုံလောက်လောက်မရရင် စိတ်က မတည်မငြိမ်ဖြစ်လာပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်ပါတယ်။ စောစောအိပ်စက်မယ်ဆိုရင် စောစောထဖို့လည်း လိုပါတယ်။

လူတွေရဲ့စိတ်ခံစားချက်တွေကို ပိုပြီးနားလည်လာမယ်

အိပ်ချိန်မမှန်တာ၊ အိပ်စက်ချိန်မလုံလောက်တာတွေက လူတွေရဲ့ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို ဖတ်ဖို့ ပိုပြီးခက်ခဲလာစေတယ်လို့ လေ့လာချက်အရ သိရပါတယ်။ အိပ်စက်ချိန်လုံလုံလောက်လောက်မရတဲ့သူတွေက အခြားသူတွေရဲ့စိတ်ခံစားချက်ကိုလည်း နားလည်မပေးနိုင်ကြတော့ပါဘူး။ စိတ်ဆိုးဒေါသထွက်တာ၊ ကြောက်ရွံ့တာလို အခြားခံစားချက်တွေကိုပဲ အလွယ်တကူနားလည်လာကြပါတယ်။ ဒါကြောင့် အိပ်ရေဝအောင် ကောင်းကောင်းအိပ်စက်ပေးဖို့ လိုပါတယ်။

Ref: Brightside “What Happens to Your Body When You Go to Sleep at 10 PM”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top