အိပ်စက်ခြင်း နဲ့ သွေးတိုးရောဂါ

doctor-measures-the-blood-pressure-GCKJHL8-scaled.jpg

ခေါင်းတွေမူးလိုက်တာ အိပ်ရေးပျက်လို့ ထင်တယ်ဆိုပြီး ခပ်ပေါ့ပေါ့လေး မတွေးလိုက်ပါနဲ့။ တစ်ခါတစ်လေမှာ အိပ်ရေးပျက်တာ သက်သက်ကြောင့်ချည်းပဲ ခေါင်းကိုက်တာမဟုတ်ပါဘူး။ ကာလကြာရှည် အိပ်ရေးပျက်မှုရဲ့ အကျိုးဆက်အနေနဲ့ သွေးတိုးတာကြောင့် ခေါင်းကိုက်တာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက အငန်စားမှ၊ အဆီအစိမ့်တွေစားမှ သွေးတိုးတာမဟုတ်ဘူးလား…. အိပ်ရေးပျက်ရင်ရော သွေးတိုးစေလို့လား..ဆိုတဲ့ အမေးပါ။

သွေးတိုးစေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ……….

သွေးတိုးစေတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။

အငန်စား များတာ
စိတ်ဖိစီးတာ
သောက်သုံးနေရတဲ့ ဆေးဝါး
စိုးရိမ်မှု များတာ
အယ်လ်ကိုဟော သောက်သုံးတာ
ဆေးလိပ် သောက်သုံးတာ
အဝလွန် နေတာ
ကိုယ်လက်လှုပ်ရှားမှု နည်းတာ
အသက်အရွယ် ကြီးရင့်လာတာ
မျိုးရိုးရှိတာ စတဲ့ အချက်တွေကြောင့် သွေးတိုးရောဂါ ခံစားရနိုင်ပါတယ်။

အိပ်ရေးပျက်ခြင်း နဲ့ သွေးတိုး

တစ်နေ့တာလုံးမှာ စိတ်ဖိစီးလို့ဆိုပြီး ညဘက်အိပ်တဲ့အခါ ကောင်းကောင်းမအိပ်တာ၊ ဂိမ်းဆော့နေရင်းဖြစ်ဖြစ်။ ရုပ်ရှင်ကြည့်နေရင်းဖြစ်ဖြစ် နောက်ကျမှအိပ်ရာဝင်တာက တစ်ရက်တလေဆိုရင် ပြဿနာမရှိပေမယ့် ရေရှည်မှာ မကောင်းတာကတော့ အမှန်ပါ။

လေ့လာမှုတစ်ရပ်အရ ညဘက်အိပ်ရေးပျက်တာ များတာက သွေးတိုးရောဂါ ခံစားရစေနိုင်သလို နှလုံးကိုလည်း ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ သုတေသီတွေဟာ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူ အ​ယောက် ၂၀ ခန့်ကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုမှာ တွေ့ရတာက တစ်နေ့တာမှာ စိတ်ဖိစီးမှုများတဲ့ အလုပ်တွေကို လုပ်ရပြီး ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တဲ့ သူတွေဟာ အခြားသူတွေထက် သွေးတိုးရောဂါ ခံစားရနိုင်ခြေ ၁၀ ရာခိုင်နှုန်းလောက် ပိုများနေတယ်ဆိုတာပါ။

စိတ်ဖိစီးမှုရော အိပ်ရေးပျက်တာပါ ပေါင်းလိုက်မယ်ဆိုရင်တော့ သွေးတိုးနိုင်ခြေက တော်တော်လေးကို များသွားနိုင်ပါတယ်။ လူတစ်ယောက် ကျန်းမာဖို့က တစ်ညတာမှာ လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိဖို့က မဖြစ်မနေလိုအပ်ပါတယ်။

ညဘက်တွေမှာ စိတ်ဖိစီးမှု များတာကြောင့်ဖြစ်ဖြစ် အလုပ်တွေများတာကြောင့်ဖြစ်ဖြစ် ကောင်းကောင်းအိပ်မပျော်တဲ့အခါ ရေရှည်မှာ သွေးတိုးတာအပြင် အခြား နာတာရှည်ရောဂါတွေပါကို ခံစားလာရနိုင်ပါတယ်။

လူတစ်ယောက် အနည်းဆုံး ရှိသင့်တဲ့ အိပ်စက်ချိန်

ကျန်းမာတဲ့ လူတစ်ယောက် အနေနဲ့ တစ်ညကို အနည်းဆုံး အိပ်စက်ချိန် ၆ နာရီရှိဖို့လိုပါမယ်။ တကယ်လို့ တစ်ညကို အိပ်ချိန်က ၆ နာရီတောင် မပြည့်ဘူးဆိုရင် ရေရှည်မှာ သွေးတိုးရောဂါ ဖြစ်လာနိုင်ပါတယ်။

တစ်ညတာကို ၅ နာရီ နဲ့ ၅ ထက်နည်းပြီး အိပ်စက်သူတွေဟာ သွေးတိုးရောဂါ ခံစားရနိုင်ခြေများသလို သွေးတိုးရှိပြီးသူတွေ မှာလည်း ရောဂါအခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး တစ်ညတာမှာ အိပ်ချိန် ၅ နာရီ ကနေ ၆ နာရီကြားပဲ ရှိသူတွေမှာလည်း သွေးတိုးရောဂါ ခံစားရနိုင်ခြေက သာမန်ထက်ပိုများနေပါတယ်။

အိပ်စက်ခြင်းက စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ဒီဟန်ချက်ညီမှုတွေက ပျက်သွားပြီး သွေးတိုးရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။

ဒါကြောင့် သွေးတိုးကို သက်သာစေဖို့ပဲဖြစ်ဖြစ် သွေးတိုးကို ကာကွယ်ဖို့အတွက် ဖြစ်ဖြစ် တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီအထိရှိဖို့ လိုပါမယ်။

Ref : Hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top