ပန်းသီးရှာလကာရည်၏ အကျိုးကျေးဇူးများ

apple-cider-vinegar-PRH7NPF.jpg

ပန်းသီးရှာလကာရည်ဟာ နောက်ပိုင်းမှာ အိမ်တွင်းပစ္စည်းတွေနဲ့ပဲ ပြုလုပ်နိုင်တာမို့ ခေတ်စားလာပါတယ်။ ယခင်ကလည်း အစားအစာချက်ပြုရာမှာရော ဆေးဝါးအနေနဲ့ပါ သုံးစွဲခဲ့ကြပါတယ်။

ပန်းသီးရှာလကာရည်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ ရှိပါတယ်။ အဓိကအားဖြင့် ပိုးမွှားများ သေစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် နောက်ပိုင်းသုတေသနတွေအရ ကိုယ်အလေးချိန်ကျခြင်း၊ ကိုလက်စထရော ကျစေခြင်း၊ သွေးတွင်းသကြားဓာတ် ကျစေခြင်း၊ ဆီးချိုဝေဒနာများ သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရှိကြောင်း သိလာရပါတယ်။

ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည်ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

၁။ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပါဝင်ခြင်း

ပန်းသီးရှာလကာရည်ထဲမှာ အက်ဆီတစ်အက်ဆစ်ပါဝင်ပါတယ်။ အဆိုပါအက်ဆစ်ဟာ ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးအထောက်အကူပြု အာနိသင်တွေအတွက် အဓိကကျပါတယ်။ ပရိုတိန်း၊ အင်ဇိုင်းနဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်အနည်းငယ် ပါဝင်ပါတယ်။
ပန်းသီးရှာလကာရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေတော့ များများစားစား ပါဝင်ခြင်း မရှိပါဘူး။ နာမည်ကြီးတံဆိပ်တွေမှာတော့ အမိုင်နိုအက်ဆစ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်အောင် ထုတ်လုပ်ထားပါတယ်။

၂။ ဘေးဥပါဒ်ပေးသော ဘက်တီးရီးယားများကို သေစေခြင်း

ရှာလကာရည်ဟာ ဘက်တီးရီးယားများကို သေစေနိုင်ပါတယ်။ ရှေးအစဉ်အဆက်ကတည်းက ပိုးမွှားတွေကို သေစေတဲ့ ဂုဏ်သတ္တိကြောင့် ပိုးမွှားသန့်စင်ခြင်း၊ လက်သည်းခြေသည်းပိုးများ၊ သန်းနှင့်လှေးများနှိမ်နင်းခြင်း၊ ကြွက်နို့သတ်ခြင်း၊ နားပိုးဝင်ခြင်းကို ကုသခြင်းစတာတွေမှာ အသုံးပြုပါတယ်။

ဆေးလောကရဲ့ ဖခင်ကြီးဖြစ်သူ ဟစ်ပိုကရေးတီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အနာတွေကို သန့်စင်ဆေးကြောရာမှာ ရှာလကာရည်ကို အသုံးပြုခဲ့ပါတယ်။
အစားအစာတွေထဲမှာ E Coli ရောဂါပိုး ပေါက်ပွားခြင်းကို ကာကွယ်ပေးနိုင်တာမို့ တာရှည်ခံပစ္စည်းအနေနဲ့လည်း အသုံးပြုကြပါတယ်။ အစားအစာတွေကို ရေရှည်ခံအောင် ထိန်းသိမ်းဖို့ဆိုရင် ပန်းသီးရှာလကာရည်ကို သုံးနိုင်ပါတယ်။

၃။ ဆီးချိုကျစေခြင်း

အင်ဆူလင်မတိုးခြင်း၊ အင်ဆူလင်မထုတ်လုပ်နိုင်ခြင်း စတဲ့အခြေအနေတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး အမျိုးအစား ၂ ဆီးချိုကို ဖြစ်ပေါ်စေပါတယ်။ ဆီးချိုရောဂါမဖြစ်စေဖို့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏအတွင်း ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။ ပန်းသီးရှာလကာရည်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

သုတေသနတွေအရ ပန်းသီးရှာလကာရည်ဟာ ကာဘိုဟိုက်ဒရိတ်များများစားချိန်မှာ အင်ဆူလင် ထိရောက်မှုနှုန်းကို ၁၉-၃၄ % ခန့် တိုးတက်စေတယ်လို့ သိရပါတယ်။ အိပ်ရာမဝင်ခင်မှာ ပန်းသီးရှာလကာရည် နှစ်ဇွန်းစားသုံးပေးခြင်းဟာ မနက်ပိုင်းဆီးချိုတိုင်းတာရာမှာ ၄%လျော့ကျစေတယ်လို့ သိရပါတယ်။ တခြားသုတေသနတွေအရလည်း ရှာလကာရည်ဟာ အင်ဆူလင်လုပ်ဆောင်မုှကို တိုးတက်စေပြီး သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေတယ်လို့ သိရပါတယ်။

၄။ ကိုယ်အလေးချိန်ကျစေခြင်း

ပန်းသီးရှာလကာရည်ဟာ ဗိုက်ပြည့်စေပြီး ကယ်လိုရီများများ စားသုံးမယ့် အခြေအနေကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ သုတေသနတခုအရ ပန်းသီးရှာလကာရည်ကို ပုံမှန်ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာနဲ့ တွဲဖက်စားသုံးရာမှာ ဗိုက်ကိုပြည့်စေပြီး တနေ့လုံးအတွက် ၂၀၀-၂၇၅ ကယ်လိုရီ ပိုမိုလျော့နည်းစေတယ်လို့ ဆိုပါတယ်။

အဝလွန်နေတဲ့ လူပေါင်း ၁၇၅ ဦးနဲ့ စမ်းသပ်ခဲ့တဲ့ သုတေသနအရ နေ့စဉ် ပန်းသီးရှာလကာရည်စားသုံးရင် ဝမ်းဗိုက်အဆီများ လျော့နည်းစေပြီး ကိုယ်အလေးချိန်ကျစေတယ်လို့ ဆိုပါတယ်။ ပန်းသီးရှာလကာရည်တစ်ဇွန်း (၁၂ မီလီလီတာ) ဟာ ကိုယ်အလေးချိန် ၂.၆ပေါင် (၁.၂ကီလို) လျော့စေပြီး နှစ်ဇွန်းဆိုရင် ၃.၇ပေါင် (၁.၇ကီလို) လျော့စေတယ်လို့ သိရပါတယ်။

၅။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

(ယခုအချက်ကတော့ တိရစ္ဆာန်တွေနဲ့ လေ့လာခဲ့တဲ့ သုတေသနရလာဒ်သာ ဖြစ်ပါတယ်။)
တိရစ္ဆာန်တွေနဲ့ လေ့လာခဲ့တဲ့ သုတေသနအရ ပန်းသီးရှာလကာရည်ဟာ ကိုလက်စထရောနဲ့ triglyceride ကို ကျဆင်းစေတယ်လို့ သိရပါတယ်။ တခြားနှလုံးရောဂါဖြစ်နိုင်ခြေ အနေအထားတွေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ ကြွက်များနဲ့ စမ်းသပ်ခဲ့တဲ့ သုတေသနအရ သွေးတိုးကျစေတယ်လို့ သိရပါတယ်။

၆။ အရေပြားကျန်းမာရေးကို ကောင်းစေခြင်း

ပန်းသီးရှာလကာရည်ဟာာ အသားအရေခြောက်သွေ့ခြင်း၊ နှင်းခူ စတာတွေကို သက်သာစေနိုင်ပါတယ်။ အရေပြားဟာ အနည်းငယ် အက်ဆစ်ဓာတ်ကဲတဲ့နေရာ ဖြစ်ပါတယ်။ အရေပြားပေါ် ပန်းသီးရှာလကာရည်လိမ်းပေးတဲ့အခါ အရေပြားရဲ့ သဘာ၀ pH ကို ပြန်လည်ဟန်ချက်ညီစေပါတယ်။ ပိုးမွှားများသေစေတဲ့ ဂုဏ်သတ္တိကြောင့် အရေပြားကို ကပ်ငြိလာတဲ့ ပိုးတွေကို သန့်ရှင်းဖယ်ရှားပေးနိုင်ပါတယ်။ ပြင်းအားမရှိတဲ့ ပန်သီးရှာလကာရည်ကို မျက်နှာသစ်ဆေး ဒါမှမဟုတ် တိုနာအနေနဲ့ သုံးနိုင်ပါသေးတယ်။ ဘက်တီးရီးယားတွေကို ကာကွယ်ပေးပြီး အစက်အပြောက်တွေကို ကာကွယ်ပေးပါတယ်။

Ref : hellosayarwon

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top