COVID-19 ဖြစ်လာရင် သီးသန့်ခွဲခြားထားဖို့ အဆင့်မြင့်တိုက်ခန်း ၅၀၀ စီစဉ်ထား

23-3-2020-yyl-022.jpg

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုရိုနားဗိုင်းရပ်စ်ကူးစက်ခံရသူတွေရှိလာရင် သီးသန့်ခွဲခြားထားနိုင်ဖို့ အတွက် အဆင့်မြင့်တိုက်ခန်း(၅၀၀)ကို စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

”အခုချိန်ထိ ရောဂါဖြစ်ပွားသူ လုံးဝမရှိသေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လို့ ရှိလာရင် သီးသန့် ခွဲထားနိုင်ဖို့အတွက် တိုက်ခန်း ၅၀၀ လောက် အဆင်သင့် ပြင်ဆင်ထားပါတယ်”လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီနေ့မနက်က ကျိုက်ကဆံကွင်း၊ ပြည်ထောင်စုခန်းမမှာ ပြုလုပ်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနဲ့ ဆေးပစ္စည်းများလှူဒါန်းပွဲမှာ ဦးဖြိုးမင်းသိန်းက အခုလို ပြောကြားခဲ့တာပါ။အခုလိုပြင်ဆင်ထားတဲ့ တိုက်ခန်းတွေဟာ အဆင့်မြင့်တိုက်ခန်းတွေဖြစ်ပြီးတော့ ကွန်ဒိုလိုတိုက်ခန်းမျိုးတွေ လည်း ပါဝင်နေပါတယ်။

တကယ်လို့ ရောဂါဖြစ်ပွားသူရှိလာခဲ့ရင် ရန်ကုန်ဆေးရုံကြီးရဲ့ Under Control အောက်ကနေ ခုတင် ၃၀၀ လောက်ဆံ့တဲ့ ဆေးရုံနှစ်ခုလောက်ကို ချက်ချင်းအကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခုလို ပြင်ဆင်တာတွေကို ဆောင်ရွက်နေပေမယ့် လူနာ ၃၀၀ ကို တစ်နေရာတည်းမှာ ကုသနိုင်ဖို့ အသက်ရှူစက် ၅၀ နဲ့ ၁၀၀ ကြား လိုအပ်တဲ့အတွက် အသက်ရှူစက်တပ်ပေးဖို့က အခက်အခဲနည်းနည်းရှိတယ်လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ COVID-19 ရောဂါဖြစ်ပွားသူ တစ်ဦးမှ မရှိသေး ပေမယ့် ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ အသိပညာပေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြပါတယ်။

Photo – Phyo Min Thein

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top