ကြက်ဥက အရင်လား ကြက်မက အရင်လား

Question_WhichCame1st_Chicken_or_Egg.png

ဒါက ဟာသတစ်ခုလို့ ခင်ဗျားက ထင်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီမေခွန်းကို စဉ်းစားမိတိုင်း ကုန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀လောက်ကာလကို ပြန်မြင်လာမိစေတာပါပဲ။

ကြက်ဥနဲ့ ကြက်မပြဿနာက ရောမတွေးခေါ်ပညာရှင်တွေကို အတော်လေး ခေါင်းခဲစေခဲ့တဲ့ မေးခွန်းတစ်ခုလည်း ဖြစ်ခဲ့ပြီးတော့ အဲဒီ အတွေးကဝိတွေရဲ့ ကမ္ဘာလောကအကြောင်း မရေရာ နားလည်မှုလွဲမှားခြင်းတစ်ခုကနေ အစပြုလာတာလို့ ဆိုပါတယ်။ ဒီနေ့ခေတ်မှာတော့ ဒီမေးခွန်းအတွက် သေချာတိကျတဲ့ အဖြေက ရှိနေပါပြီ။ ဒါပေမဲ့ ပြဿနာရှိနေနိုင်သေးတာက ဒီမေးခွန်းအတွက် ဖြစ်နိုင်ချေရှိနေတဲ့ အဖြေနှစ်မျိုးနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုအတွေးတစ်စ ရသွားမလဲ ဆိုတာပါပဲ။ ရောမပညာရှင် ပလုတာ့ခ်ျ (Plutarch) က ဒီပြဿနာနဲ့ ပတ်သက်ပြီး အစောဆုံး ဆက်နွယ်ပြောဆိုခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သုတေသနမှာ ပြောထားတာကတော့ ရှင်းရှင်းလေးပါ။ “အစရှာမရဖြစ်နေတဲ့ ဒီပြဿနာက ဒီကမ္ဘာလောကကြီးထဲမှာ အလားတူ အဆုံး အစရယ်လို့ ဝေခွဲမရနိုင်တဲ့ ကိစ္စတွေ အမြဲ ရှိနေတတ်တယ်ဆိုတာကို ပြနေပါတယ်။ ဒါပေမဲ့ သတ္တဝါမျိုးစိတ်တွေက အချိန်ကာလအလိုက် ပြောင်းလဲနေတယ်ဆိုတာကို နားလည်သွားရင်တော့ ဒီလိုပြဿနာနဲ့ ပတ်သက်ပြီး ဘယ်သူမှ ပူနေမှာ မဟုတ်တော့ပါဘူး” လို့ သူက ပြောခဲ့ပါတယ်။

ကမ္ဘာကြီးမှာ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်ဆိုတာ အမှန်တကယ်ဖြစ်နေတယ် ပြီးတော့ ကြက်ဥတွေ ကြက်မတွေမတိုင်ခင်က အချိန်ကာလ တစ်ခုလည်း ရှိခဲ့တယ် ဆိုတာ ကျွန်တော်တို့ အားလုံးသိနေပြီး ဖြစ်တာကြောင့် ဒီ ကြက်ဥနဲ့ ကြက်မပြဿနာအတွက် အဖြေရှိနေပါပြီ။ အဲဒါကတော့ ကြက်ဥ ကစတယ် ဆိုတာပါပဲ။

ႈငှက်တွေ ကြက်တွေရယ်လို့ မဖြစ်ခင် ပဝေသဏီအချိန် ငါးတွေလောက်သာ ဆင့်ကဲတိုးတက်မှု ဖြစ်နေစဉ်ကတည်းက ဥတွေက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကာလရွေ့လျောလာပြီးအချိန်တစ်ခုမှာ ကြက်နဲ့ အလားသဏ္ဍာန်တူတဲ့ ငှက်တစ်မျိုးက ဥ ဥချလိုက်တယ်။ အဲဒီကနေ ကြက်ဆိုတဲ့ သတ္တဝါတစ်ကောင် ပေါက်လာပါတယ်။ ကပ်သပ်ပြီး မေးစရာတော့ ရှိနေပါတယ်။ ကြက်နဲ့ ကြက်မဟုတ်တဲ့အကောင်ပလောင်အကြား ခွဲခြားဖို့ ဆင့်ကဲဖြစ်စဉ်အခြေခံက ဘယ်မှာလဲ ဆိုတဲ့ အမေးပါ။ ဒါအတွက်က ကိစ္စတော့မရှိပါဘူး။ ခင်ဗျားဘာသာ ဘယ်လိုပဲတွေးတွေး ဥ ဆိုတာက ရှေးပဝေသဏီကတည်းက ရှိကို ရှိနေခဲ့ပြီးသားကိုး။

အပေါ်မှာ ပြောခဲ့တာတွေကို ကျွန်တော်တို့ အပြည့်အဝ လက်ခံကောင်း လက်ခံမိပါလိမ့်မယ်။ ဒါပေမဲ့ ကြက်ဥ အရင် ကြက်မဖြစ်တယ် ဆိုတဲ့ အယူအဆကိုလကခံဖို့ကတော့ အခုထပ်ပြောမယ့်အကြောင်းကို ခင်ဗျား ဘယ်လိုမြင်သလဲ ဆိုတာအပေါ်ပဲ မူတည်နေပါတယ်။ ကြည့်ကြရအောင်…

ဝါးဝစ်ကစ်နဲ့ ရှဖီးလ်ဒ် (Warwick and Sheffield ) တက္ကသိုလ်တွေက သုတေသနပြုသူတွေကတော့ ကြက်ဥဆိုတာ ဖြစ်လာဖို့အတွက် ကြက်မရဲ့ သားဥအိမ်က ပရိုတိန်းဓာတ်လိုကို လိုတယ် လို့ ပြောကြပါတယ်။ အမှန်တကယ်လည်း ကျွန်တော်တို့ ဒီနေ့တွေ့နေကြရသမျှ ကြက်ဥတိုင်းဟာ ကြက်မကနေပဲ ရတာမလား။ အဲဒါမို့ ကြက်မကသာ အရင် ဖြစ်တယ် လို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ကြက်ဥတွေနဲ့ ပတ်သက်တဲ့ အယူအဆကိုပဲ ယေဘုယျထား ပြောနေကြမယ်ဆိုရင်တော့ သေချာပေါက်အနိုင်ရတဲ့ အဆိုက ကြက်ဥက အရင်စတယ် ဆိုတာသာ ဖြစ်နေပါလိမ့်မယ်။ ကဲ…အခုပြောတာတွေ ဖတ်ပြီးရင် Neil deGrasse Tyson ရဲ့ Tweet က အဆိုကိုလည်း ကြည့်ပါဦး…”ကြက်ရယ်လို့ မခေါ်နိုင်တဲ့ ငှက်တစ်မျိုးက ဥ လိုက်တဲ့ ဥကနေ ကြက်ဆိုတာ ဖြစ်လာတာ” ပါတဲ့။

ဘယ်ကအရင်စတာလဲ ကြက်ဥကနေလား …ကြက်မကနေလား…ဖြေကြည့်သွားကြပေါ့ဗျာ။

Ref: Curiosity “Which Came First: the Chicken or the Egg?”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top