ဝက်ခြံနှင့် မျက်နှာပေါ်က အန္တရာယ်ဇုံ

woman-looking-on-face-at-the-mirror-in-bathroom-KVQPJCT.jpg

ဝက်ခြံညှစ်ခြင်းက ဝက်ခြံတွေကို ပိုဆိုးစေ၊ ပိုးဝင်စေ၊ အမာရွတ်တွေ ကျန်စေနိုင်မှန်း တော်တော်များ သိကြပါတယ်။ သို့သော်လည်း တကယ့်တကယ် ဝက်ခြံပေါက်လာတဲ့အခါ ညှစ်ကောင်းကောင်းနဲ့ ညှစ်မိကြပြန်ပါတယ်။

တစ်ခါတစ်ခါ ဝက်ခြံ အညှစ်မတော်တဲ့အခါ ဝက်ခြံလေးတစ်ခု အခြေပြုပြီး အထက်မှာပြောထားတဲ့ ဆိုးကျိုးတွေထက် အဆပေါင်းများစွာ ပိုဆိုးပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်တဲ့ အန္တရာယ်တွေ ကျရောက်လာနိုင်ပါတယ်။

ဟုတ်ပါတယ်။ သင့်မျက်နှာပေါ်မယ် သင်မသိသေးတဲ့ အန္တရာယ်ဇုံ (တစ်နည်း..အန္တရာယ်တြိဂံ) တစ်ခုရှိနေပါတယ်။ သင်မြင်အောင် ပြောပြရမယ်ဆိုရင်….စိတ်ကူးထဲမှာ အမှတ်လေးတွေ နေရာချကြည့်ပါ

– သင့် မျက်လုံးနှစ်လုံးရဲ့ကြား အလယ်တည့်တည့်မှာ တစ်မှတ်

– သင့် ညာဘက် နှုတ်ခမ်းထောင့်မှာ တစ်မှတ်

– သင့် ဘယ်ဘက် နှုတ်ခမ်းထောင့်မှာ တစ်မှတ်

အဲဒီအမှတ် သုံးမှတ်ကို စိတ်ကူးထဲမှာ မျဉ်းကြောင်းလေးတွေနဲ့ ဆက်ကြည့်ပါ။ တြိဂံတစ်ခုပုံ ပေါ်လာပါလိမ့်မယ်။ အဲဒီတြိဂံကတော့ အခု ကျွန်မပြောချင်တဲ့ မျက်နှာပေါ်က အန္တရာယ်ဇုံ (ခေါ်) အန္တရာယ် တြိဂံပါပဲ။ ဒီနေရာရဲ့ နောက်ဖက်မှာ Cavernous Sinus လို့ခေါ်တဲ့ အရေးကြီးတဲ့ အခန်းတစ်ခန်း ရှိပါတယ်။ ဦးနှောက် အာရုံကြော အတော်များများ ရှိနေတဲ့ အခန်းပေါ့။

အကယ်၍ သင့်မျက်နှာရဲ့ အန္တရာယ်ဇုံအတွင်း ပေါက်နေတဲ့ ဝက်ခြံကို သင့်ရဲ့ မသန့်ရှင်းတဲ့လက်နဲ့ ညှစ်မိခဲ့မယ်ဆိုရင် ဝက်ခြံပိုးဝင်မယ် ဒီပိုးတွေဟာ သွေးပြန်ကြောတွေကနေ တစ်ဆင့် ခုနကပြောတဲ့ အရေးကြီး အခန်းဖြစ်တဲ့ Cavernous Sinous ထဲကို ရောက်မယ်။ အဲဒီကမှတစ်ဆင့် ဦးနှောက်ဆီ တန်းရောက်သွားနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ မျက်စိကွယ်ခြင်း၊ အကြောသေ အကြောလိုက်ခြင်း၊ အသက်သေဆုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။

အဖြစ်နည်းပေမယ့်လို့ ဖြစ်လာခဲ့မယ်ဆိုရင်လည်း အလွန်အန္တရာယ်ရှိတာကြောင့် ဒီလိုနေရာမျိုးမှာ ဝက်ခြံထွက်နေတယ်ဆိုရင် ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်း စတာတွေကို အထူး ရှောင်ရှားသင့်ပါကြောင်းနဲ့ ကျွမ်းကျင်သူ ဆရာဝန်တွေနဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါကြောင်း…။

မေ@ဆေး၂ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top