ဗီတာမင် B12 ချို့တဲ့မှု

28-7-2022-yyl12.jpg

ဗီတာမင် B12 က အာရုံကြောဆဲလ်တွေနဲ့ သွေးဆဲလ်တွေ ကျန်းမာနေစေဖို့ ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် B12 ကို သူ့ဘာသာသူ မထုတ်လုပ်နိုင်တာကြောင့် အဲဒီဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးရပါတယ်။ ဗီတာမင် B12 ကို အသားနဲ့ နို့ထွက်ပစ္စည်းတွေလို တိရစ္ဆာန်ထွက်ပစ္စည်းတော်တော်များများမှာ တွေ့ရှိနိုင်ပါတယ်။ ဒီအာဟာရဓာတ်မပါရင် အခြားရုပ်ပိုင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့အတူ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွေးအားနညည်းရောဂါတစ်မျိုးကို ခံစားရနိုင်ပါတယ်။

ခန္ဓာကိုယ်က ဗီတာမင် B12 လုံလုံလောက်လောက်မရတဲ့အခါ (သို့) စားသုံးတဲ့အစားအစာကနေ ဗီတာမင် B12 ကို လုံလုံလောက်လောက်မစုပ်ယူနိုင်တဲ့အခါ ဗီတာမင် B12 ချို့တဲ့မှုဖြစ်တတ်ပါတယ်။ ဗီတာမင် B12 ချို့တဲ့မှုက သင့်ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဗီတာမင် B12 ချို့တဲ့မှုရဲ့လက္ခဏာရပ်တွေကို သိဖို့ အရေးကြီးပါတယ်။ ဒါမှ ဆရာဝန်နဲ့ပြသပြီး ကုသနိုင်မှာဖြစ်ပါတယ်။ ကုသမှုနှောင့်နှေးသွားရင် မလိုလားအပ်တဲ့အရာတွေဖြစ်လာနိုင်ပါတယ်။

တချို့လက္ခဏာရပ်တွေက ဗီတာမင်ချို့တဲ့မှုလက္ခဏာပြဖို့ အချိန်ကြာနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေအရ ဆံပင်နဲ့ပတ်သက်တဲ့ ဗီတာမင် B12 ချို့တဲ့မှုလက္ခဏာ (၂) ရပ်က ပိုမိုသိသာထင်ရှားတဲ့ လက္ခဏာရပ်တွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဗီတာမင် B12 ချို့တဲ့မှုရဲ့ ဆံပင်နဲ့ပတ်သက်တဲ့ လက္ခဏာရပ်တွေ

ဗီတာမင် B12 က ဆံပင်မွေးညင်းပေါက်တွေဆီ အောက်စီဂျင် သယ်ဆောင်ပေးတဲ့ သွေးနီဥတွေပြုလုပ်ရာမှာ ကူညီပေးပါတယ်။ ဗီတာမင် B12 ပမာဏ နည်းသွားတဲ့အခါ ဆံပင်မွေးညင်းပေါက်တွေက ဆံပင်အသစ်ကို ထိရောက်စွာ မကြီးထွားနိုင်စေဘူး။ ဆံပင်ကျွတ်တာကို ဖြစ်စေပါတယ်။ သံဓာတ်နည်းတာ၊ ဆံပင်ပါးတာနဲ့ ဆံပင်ကျွတ်တာနဲ့ ဆက်စပ်တဲ့ သွေးအားနည်းရောဂါလက္ခဏာရပ်တွေကိုလည်း ဗီတာမင် B12 ချို့တဲ့မှုက ဖြစ်စေနိုင်ပါတယ်။ The British Journal of Nursing မှာ ပါဝင်တဲ့ စစ်တမ်းတစ်ခုအရ လူနာ (၁၀၀၀) မှာ ၂၀ ရာခိုင်နှုန်းလောက်က ဆံပင်ကျွတ်တာ၊ ပါးစပ်အနာပေါက်တာ၊ အမြင်ဝေဝါးတာတွေ ခံစားခဲ့ရတယ်လို့ ဆိုထားပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတာကလည်း ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်နိုင်ပါတယ်။ ဗီတာမင် B12 ချို့တဲ့မှုက အရွယ်မတိုင်ခင် ဆံပင်ဖြူတာဖြစ်နိုင်တယ်လို့ သုတေသနတွေက ဆိုထားပါတယ်။ Archives of Dermatology ရဲ့သတင်းထုတ်ပြန်ချက်တစ်ခုမှာ ဆံပင်အရောင်ပြောင်းတာက ဗီတာမင် B12 ချို့တဲ့မှုဖြစ်တယ်လို့ ဆိုထားပါတယ်။

ဗီတာမင် B12 ချို့တဲ့မှုရဲ့အခြားလက္ခဏာရပ်တွေ

ဆံပင်ကျွတ်တာ၊ အရွယ်မတိုင်ခင် ဆံပင်ဖြူတာတွေအပြင် ပင်ပန်းနွမ်းနယ်တာ၊ နုံးတာ၊ မူးဝေတာ၊ မူးလဲတာ၊ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေကလည်း B12 ချို့တဲ့မှုရဲ့လက္ခဏာရပ်တွေပါပဲ။ လက်သည်းကျိုးပဲ့တာကလည်း B12 ချို့တဲ့မှုလက္ခဏာဖြစ်နိုင်ပါတယ်။ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါလက္ခဏာရပ်တွေဖြစ်တဲ့ စိတ်ကျတာ၊ သတိမေ့တာ၊ စိတ်အလိုမကျတာ၊ လမ်းလျှောက်ရခက်ခဲတာစတဲ့ လက္ခဏာရပ်တွေလည်း ခံစားရနိုင်ပါတယ်။

ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေ

ဗီတာမင် B12 ကြွယ်ဝတဲ့အစားအစာတွေ စားသုံးတာက B12 ချို့တဲ့မှုကို ကုသကာကွယ်ရာမှာ အတောက်အကူဖြစ်စေပါတယ်။ ဗီတာမင် B12 ချို့တဲ့မှု ပြင်းထန်ရင် ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေ စားရုံနဲ့ မလုံလောက်ပါဘူး။ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ ဆရာဝန်တွေက B12 သောက်ဆေး သောက်ခိုင်းတာဖြစ်ဖြစ်၊ ထိုးဆေးထိုးခိုင်းတာဖြစ်ဖြစ် လုပ်ပေးပါလိမ့်မယ်။

ဗီတာမင် B12 ကို တိရစ္ဆာန်ကလီစာ (အသည်းနဲ့ ကျောက်ကပ်) ကနေ ရနိုင်သလို ငါးသေတ္တာငါး၊ တူနာ၊ ထရောက်ငါး၊ ဆယ်လ်မွန်ငါးတွေကနေလည်း ရရှိပါတယ်။ ဒိန်ချဉ်၊ ချိစ်တွေလို နို့ထွက်ပစ္စည်းတွေကလည်း B12 ဓာတ်ရနိုင်တဲ့ အစားအစာတွေပါပဲ။ ဆီရီယယ် (Cereal)၊ ပေါင်မုန့်၊ ကိုက်လန်လို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကလည်း ဗီတာမင် B12 ဓာတ် ရနိုင်ပါတယ်။

Ref: Vitamin B12 deficiency: THESE two signs on your hair could mean you may be deficient

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top