ပေါ်လွင်မပြု

Screen-Shot-2016-02-02-at-2.46.11-PM.png

ပြင်သစ်ဘုရင် လူဝီ (၁၄) မှာ နီကိုလတ်စ် ဖိုကေး လို့ ခေါ်တဲ့ ဘဏ္ဍာရေး ဝန်ကြီးတစ်ပါးရှိတယ်၊ အဲဒီ ဝန်ကြီးဟာ တကယ်တော့ အသုံးအဖြုန်းကြီးပြီး အာဏာကို မက်မောသူ တစ်ဦး ဖြစ်ပါတယ်။

ဘုရင့် နန်းရင်းဝန်ကြီး ကွယ်လွန်သွားတော့ ဘဏ္ဍာရေး ဝန်ကြီးဖိုကေးက အဲဒီနေရာကို လိုချင်ခဲ့တယ်။ ဒါပေမဲ့ ဘုရင်ကတော့ အဲဒီရာထူးနေရာကိုပါ အလွတ်ထားပြီး ဘယ်သူ့ကိုမှ မပေးခဲ့ပါဘူး။

ဖိုကေးဟာ အဲဒီနေရာကို ရဖို့ အတွက် ဘုရင်ကို မျက်နှာလုပ်ဖို့ ကြံစည်ပါတော့တယ်။ အရမ်းကြီးကျယ် ခမ်းနားတဲ့ ပါတီပွဲကြီး ကျင်းပပြီး ဘုရင်ကို အထူးဧည့်သည်တော်အနေနဲ့ ဖိတ်ကြားတယ်။ ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ ရေပန်းအဆင်အပြင်တွေ၊ ပြဇာတ် အခင်းအကျင်းတွေ၊ အကောင်းစားဝိုင်တွေ၊ အစားအသောက်တွေနဲ့ ဘုရင်ကို တည်ခင်းဧည့်ခံတယ်။ သူ့ စိတ်ထဲမှာတော့ ဘုရင်က သူ့ကို အကြီးအကျယ် သဘောကျပြီး ရာထူးကောင်း နေရာကောင်း ပေးတော့မယ်လို့ ယူဆနေခဲ့ပါတယ်။

နောက်တစ်နေ့ မနက်ရောက်တော့ ထူးခြားမှု တစ်ခု ဖြစ်လာပါတယ်။ နိုင်ငံတော် ဘဏ္ဍာငွေ ခိုးယူမှု၊ အလွဲသုံးစားမှုနဲ့ ဖိုကေး အဖမ်းခံရတာပါ။ အဲဒီလိုနဲ့ ဖိုကေးဟာ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ ကျော်၊ သေသည်အထိ နေသွားခဲ့ရပါတော့တယ်။

တကယ်တော့ အရင်က ဖိုကေး ဘဏ္ဍာငွေ ခိုးခဲ့တာဟာ ဘုရင့် ခွင့်ပြုချက်အရ လုပ်ခဲ့တာ၊ ဘုရင်နဲ့ ပေါင်းပြီး ကြံစည်ခဲ့တာပါ။ လူဝီ ၁၄ ဟာလည်း တကယ်တော့ မင်းကောင်းမင်းမြတ် မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဖိုကေး လုပ်လိုက်တဲ့ အလုပ်ဟာ သူ့ကို စိတ် မလုံမခြုံ ဖြစ်သွားစေခဲ့တာမို့၊ ဘုရင်ထက် ပလွှားဝင့်ထည်ရာ ကျနေတာမို့ သူ့ ကို ဖယ်ရှားခံလိုက်ရတာပါ။

ဘုရင်ကို အထူးဧည့်သည်အဖြစ် ဖိတ်တယ်ဆိုပေမယ့် တကယ်တမ်းမှာ ပါတီပွဲကို လာခဲ့သူတိုင်းက ဖိုကေးရဲ့ ပိုင်ဆိုင်မှုကို တအံ့တဩ ချီးကျူးကြတဲ့ အခါ ဘုရင်ကို သိမ်ငယ်သလို ခံစားစေခဲ့တာကြောင့် ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ၊ ထူးကဲတဲ့ အရည်အချင်းတွေ၊ ပိုင်ဆိုင်မှုတွေကို ထုတ်ပြတော့မယ်ဆိုရင် သတိထားရမှာ တစ်ချက် ရှိပါတယ်။ ကိုယ့်ကို ထိခိုက်စေနိုင်စွမ်းရှိတဲ့ သူတွေ စိတ် မလုံမခြုံ ဖြစ်သွားနိုင်မလား၊ ကိုယ်က သူတို့ထက် ပိုင်ဆိုင်မှုအားဖြင့်၊ အသိပညာအားဖြင့် ဂုဏ်မောက်နေတဲ့ ပုံ၊ ထီမထင်တဲ့ ပုံ ပြမယ်ဆိုရင် သူတို့ အမြင်မှာ ကိုယ်ဟာ အန္တရာယ်ကောင် ဖြစ်နေမလား ဆိုတဲ့ အချက်ပါ။

ကိုယ့်အတွက် ရေရှည်လျှောက်လှမ်းမယ့် လမ်းကြောင်းမှာ လုံခြုံမှု ရှိနေဖို့ဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့ အရည်အချင်းနဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေကို ပါးနပ်မှု ရှိရှိ၊ အခြေအနေ အချိန်အခါအပေါ် သတိရှိရှိနဲ့ ထုတ်ပြဖို့က အရေးအကြီးဆုံးပါပဲ။

Ref: “Robert Greene – The 48 Rules of Power”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top