အိန္ဒိယမှာ လူကြည့်အများဆုံးဇာတ်လမ်းဖြစ်နေတဲ့ Naagin

img8-1.jpg

အိန္ဒိယဇာတ်လမ်းတွဲကြိုက်တတ်သူတွေအတွက် သဘောတွေ့စေမယ့် မြွေပျိုမယ်ရဲ့ကလဲ့စား (Naagin) ဇာတ်လမ်းအတွဲ (၃) ကပရိသတ်တွေရှေ့မှောက်ကို ထပ်မံရောက်ရှိလာခဲ့ပါပြီ။ နာကျည်းချက်တွေပြည့်နေတဲ့ မြွေပျိုမယ်လေးတွေရဲ့ အငြိုးတကြီးကလဲ့စားချေမှုတွေကို အချစ်၊ အမုန်း၊ သံယောဇဉ်၊ နာကျည်းချက်တွေပေါ်လွင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ရိုက်ပြသွားနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲက အိန္ဒိယနိုင်ငံမှာ လူကြည့်အများဆုံးဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်နေလို့ အခုလိုဖော်ပြပေးလိုက်တာပါ။

ဒီဇာတ်လမ်းထဲမှာ မြွေတွေက သူတို့ရဲ့ ထူးခြားတဲ့စွမ်းအင်တွေနဲ့ လူအဖြစ်ပြောင်းလဲနိုင်ကြပြီး သူတို့လက်စားချေချင်တဲ့သူရဲ့ပုံစံအတိုင်း တစ်ထပ်တည်းဖြစ်အောင်ပါ အသွင်ပြောင်းလဲနိုင်ပါတယ်။ ဒီလို သဘာဝလွန်ဖြစ်ရပ်တွေကို သေသေသပ်သပ်ရိုက်ပြသွားနိုင်တာကြောင့် ပရိသတ်တွေမြင်ဖူးနေကျပုံစံမဟုတ်လို့ ထူးထူးခြားခြားနဲ့ အံ့သြစိတ်လှုပ်ရှားရစေမှာပါ။

အခုထွက်လာတဲ့ အတွဲ (၃) မှာလူစိတ်ဝင်စားခြင်းခံရဆုံးနဲ့ လူပြောအများဆုံးကတော့ ဘီလာရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပါပဲ။ ကြည့်ရှုနေတဲ့ပရိသတ်တွေက ဘီလာ၊ မာဟီရာနဲ့ ရူဟီတို့ သုံးယောက်မှာ နောက်ဆုံး ဘယ်သူတွေ ဘယ်လိုပေါင်းဖက်သွားကြမလဲလို့ စိတ်လှုပ်ရှားပြီးထင်ကြေးအမျိုးမျိုးပေးနေကြတာတွေကိုလည်း တွေ့ရပါတယ်။

နောက်ပြီး ဒီစီးရီးရဲ့အသက်ဖြစ်တဲ့ မြွေမင်းသမီးလေး ရှီဗန်းဂီက အတွဲ (၂) မှာ သေဆုံးသွားခဲ့ပြီး အခုအတွဲ (၃) မှာ ပြန်ထွက်ပေါ်လာပါပြီ။ အရင်အတွဲ (၁) နဲ့ (၂) တုန်းက ပရိတ်သတ်တွေ မေးခွန်းထုတ်စရာအဖြစ် ကျန်နေခဲ့တဲ့လှည့်ကွက်တွေကို အခုနောက်ဆုံးထွက်ထားတဲ့ အတွဲ (၃) မှာ ပြန်ရှင်းလင်းပေးထားပါတယ်။

ဇာတ်လမ်းတွဲတစ်ခုလုံးမှာ သီချင်းကောင်းလေးတွေသုံးထားတာ တွေ့ရပြီး အထူးသဖြင့် Tera Pyaar Jivan Ka ဆိုတဲ့ နောက်ခံသီချင်းလေးက ဇာတ်လမ်းဇာတ်ကွက်တွေကို အသက်ဝင်စေဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်လာစေတဲ့သီချင်းပါ။

နောက်ဆုံးဖော်ပြပေးချင်တာကတော့ ဒီဇာတ်လမ်းတွဲထဲမှာ သုံးထားတဲ့ အဝတ်အစားနဲ့လက်ဝတ်တန်ဆာတွေပါ။ ထူးခြားဆန်းပြားနေတဲ့အဆင်တန်ဆာတွေကို ကာရိုက်တာတွေနဲ့လိုက်ဖက်အောင်ဆင်ယင်ပြထားနိုင်တဲ့အတွက် ဖက်ရှင်ကျတဲ့ဇာတ်ကားလို့လည်း ပြောဆိုနေကြပါတယ်။ အသံပိတ်ထားပြီး အရုပ်ချည်းပဲ ကြည့်မယ်ဆိုရင်တောင် အဆုံးထိ ကြည့်မိလောက်တယ်လို့လည်း တင်စားထားကြပါသေးတယ်။

(အခုဖော်ပြပေးခဲ့တဲ့ မြွေပျိုမယ်ရဲ့ကလဲ့စား ဇာတ်လမ်း အတွဲ (၃) Viu App မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top