ကမ္ဘာမြေဆွဲငင်အားနဲ့ ဓာတ်မတည့်တဲ့ ရောဂါကြောင့် (၃) မိနစ်ထက်ပိုပြီး မတ်တပ်မရပ်နိုင်တဲ့ အမျိုးသမီး

31-8-2022-yyl-05.jpg

ကမ္ဘာမြေကြီးဆွဲငင်အားနဲ့ ဓာတ်မတည့်တဲ့ ရောဂါလို့ ကြားလိုက်တာနဲ့ စာဖတ်ပရိသတ်တွေ အထူးအဆန်းဖြစ်နေမှာပါ။ ဒီထူးထူးဆန်းဆန်းရောဂါကို အမျိုးသမီးတစ်ဦးက တကယ်ကြုံတွေ့ခံစားနေရတာပါ။ ဒီရောဂါအခြေအနေကြောင့် သူ့ရဲ့ဘဝက တော်တော်လေးခက်ခဲနေရပါတယ်။

လင်ဒ်ဆီ ဂျွန်ဆန်ဆိုတဲ့ အဲဒီအမျိုးသမီးက (၂၃) နာရီလောက် အိပ်ရာထဲ လဲလှောင်းနေရတာပါ။ တစ်နေ့ကို (၁၀) ကြိမ်လောက် မူးလဲပါတယ်။ (၃) မိနစ်ထက်ပိုပြီး မတ်တပ်ရပ်မနေနိုင်ပါဘူး။ ရပ်နေတာ (၃) မိနစ်ထက်ကျော်သွားတာနဲ့ မူးလဲတော့တာပါပဲ။

သူက ၂၀၁၅ ခုနှစ်မှာ ဝမ်းဗိုက်နဲ့ ခါးနာကျင်တာကို စတင်ခံစားခဲ့ရတာပါ။ သူ့ရဲ့ရောဂါလက္ခဏာက ပိုမိုဆိုးရွားလာခဲ့ပြီး အော့အန်တာနဲ့ တစ်နေ့ကို (၁၀) ကြိမ်လောက် မူးလဲတာမျိုးတွေဖြစ်ခဲ့ပါတယ်။ နှစ်တော်တော်ကြာ ဆေးရုံကို အကြိမ်ကြိမ်သွားခဲ့ရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ သွေးစီးဆင်းမှုအပေါ် သက်ရောက်မှုဖြစ်စေတဲ့ postural tachycardia syndrome (PoTS) ရောဂါရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒီရောဂါအခြေအနေနဲ့ လူတစ်ယောက်က ထိုင်ပြီးနောက် (ဒါမှမဟုတ်) မတ်တပ်ရပ်ပြီးတဲ့နောက် ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတိုးလာပြီး ရလဒ်အနေနဲ့ မူးဝေတာ၊ မူးလဲတာတွေဖြစ်နိုင်ပါတယ်။ ဒီရောဂါအခြေအနေကို လင်ဒ်ဆီက ကမ္ဘာမြေရဲ့ဆွဲငင်အားနဲ့ ဓာတ်မတည့်တဲ့ရောဂါအဖြစ် ရည်ညွှန်းပြောဆိုခဲ့တာပါ။

သူ ဆေးသောက်နေရပေမဲ့ တစ်နေ့ကို (၃) ကြိမ်လောက် မူးလဲနေတုန်းပါပဲ။ သူ့ခင်ပွန်းဖြစ်သူ ဂျိမ်းစ်ကို အားကိုးနေရပါတယ်။ “ကျွန်မ ကမ္ဘာမြေကြီးဆွဲငင်အားနဲ့ ဓာတ်မတည့်ပါဘူး။ အခုလိုပြောတာ ရူးကြောင်ကြောင်နိုင်တယ်လို့ထင်ရပေမဲ့ ဒါက အမှန်တရားပါ။ မတ်တပ်ရပ်တာ (၃) မိနစ်ထက်ကြာသွားရင် မူးလဲပါတယ်။ ကျွန်မ လဲလျောင်းနေရရင် ပိုကောင်းပါတယ်။ တစ်နေ့ကို (၂၃) နာရီလောက် အိပ်ရာထဲ နေနေရပါတယ်။ အသက် ၂၈ နှစ်မှာ ရေချိုးခန်းထိုင်ခုံကို အသုံးပြုရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့မိလူး။ ကျွန်မ အိမ်အပြင်လည်း ထွက်လို့မရဘူး။ ကုသနည်းမရှိပေမဲ့ ဂျိမ်းစ်ကို အရမ်းကျေးဇူးတင်မိတယ်”လို့ လင်ဒ်ဆီက ဆိုပါတယ်။

ရေတပ်အင်ဂျင်နီယာတစ်ဦးဖြစ်ခဲ့တဲ့ လင်ဒ်ဆီက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရင်း နေမကောင်းဖြစ်လာခဲ့တာပါ။ သူ့ရဲ့ရောဂါလက္ခဏာတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး နာတာရှည်နာကျင်မှုတွေ ခံစားခဲ့ရပေမဲ့ ဆရာဝန်တွေက ဘာရောဂါလဲဆိုတာ အဖြေရှာမရခဲ့ပါဘူး။ ၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ရေတပ်ကနေ ထွက်ခဲ့ပါတယ်။ (၆) လအကြာမှာ ပြင်းထန်စွာ ဝမ်းဗိုက်နာတာကို ခံစားလာခဲ့ရပြီး အော့အန်လာခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက အဖြေရှာလို့မရခဲ့ပါဘူး။ လင်ဒ်ဆီက ရောဂါကို ဆက်လက်တွန်းလှန်ရင်းနဲ့ ဆေးရုံ ခဏခဏရောက်ခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာ အခြေအနေတွေ ပိုဆိုးရွားလာခဲ့ပြီး မူးလဲနေပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ သွေးအတွင်းအောက်ဆီဂျင်တိုင်းတာတဲ့ ရောဂါစစ်ဆေးစမ်းသပ်မှုတွေ လုပ်ခဲ့ပြီး Pots ရောဂါကို ရှာတွေ့သွားခဲ့ပါတယ်။ ဆေးတွေအများကြီးသောက်နေရပေမဲ့ နေမကောင်းသလိုမခံစားရအောင် ခြေချိတ်ထိုင်နေရတုန်းပါပဲ။ ထမင်းစားဖို့ (ဒါမှမဟုတ်) ရေချိုးဖို့အတွက်ပဲ လဲလျောင်းနေတာကနေ ထပါတယ်။

PoTS ရောဂါအတွက် ကုသနည်းမရှိပေမဲ့ သွေးဖိအားကို သက်ရောက်မှုရှိတဲ့ ကဖင်းဓာတ်နဲ့ အရက်ရှောင်တာလို လူနေမှုပုံစံပြောင်းလဲတာ၊ ဆေးသောက်တာနဲ့ ဒီရောဂါအခြေအနေကို ထိန်းထားနိုင်ပါတယ်။

Ref: Indiatimes “Woman ‘Allergic To Gravity’ Can’t Stand For More Than 3 Minutes Without Fainting”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top