ရဲတစ်ယောက်ရဲ့ Tik Tok ဗီဒီယိုကြောင့် နှစ်နှစ်ကြာ ပျောက်ဆုံးနေတဲ့ ဖခင်နဲ့ သားသမီးတွေ ပြန်ဆုံစည်း

29-5-2020-yyl-018.jpg

ဆင်းရဲနွမ်းပါးသူတွေကို ကူညီကြဖို့ တွန်းအားပေးတဲ့ ရဲအရာရှိတစ်ယောက်ရဲ့ Tik Tok ဗီဒီယိုကြောင့် သားသမီးတွေဟာ ၂ နှစ်ကြာ ပျောက်ဆုံးနေတဲ့ သူတို့ဖခင်နဲ့ ပြန်ဆုံစည်းခွင့်ရခဲ့ပါတယ်။ တီလန်ဂါနာပြည်နယ်မှာ နေထိုင်တဲ့ ဗန်ကာတီရှဝါလူဟာ ၂၀၁၈ ခုနှစ် ဧပြီလက တခြားရွာမှာ အလုပ်လုပ်ဖို့ ထရပ်ကားပေါ် လိုက်ပြီးကတည်းက ပျောက်ဆုံးသွားခဲ့တာပါ။

ဗန်ကာတီရှဝါလူဟာ ကားပေါ်တွင် အိပ်ပျော်သွားခဲ့ပြီး ကားသမားကလည်း သူ လိုက်ပါလာတာကို သတိမထားမိခဲ့လို့ ဆင်းရမယ့်နေရာကို တော်တော်ကျော်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ ကားသမားက ဗန်ကာတီရှဝါလူကို သတိထားမိခဲ့လို့ သူ့ကို လမ်းလယ်ခေါင်မှာ ဆင်းခိုင်းပြီး ကားမောင်းထွက်သွားခဲ့ပါတယ်။ တစ်ခါမှ မရောက်ဖူးတဲ့နေရာမှာ ယောင်လည်လည်ဖြစ်နေတဲ့ ဗန်ကာတီရှဝါလူဟာ ကားကြုံလိုက်စီးပြီး အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကားတစ်စီးက သူ့ကိုတင်ခေါ်ခဲ့ပေမဲ့ သူသွားရမယ့်နေရာနဲ့ ဆန့်ကျင်ဘက်ကို ထပ်မောင်းသွားလို့ အိမ်နဲ့ပိုဝေးတဲ့ ပန်ဂျပ်ပြည်နယ်ကို ရောက်သွားခဲ့ပါတယ်။

ဗန်ကာတီရှဝါလူဟာ ပန်ဂျပ်ဘာသာစကား မပြောတတ်လို့ ပြောဆိုဆက်သွယ်ဖို့ အခက်တွေ့ခဲ့ပြီး ဒေသခံတွေ ကျွေးမှစားရတဲ့ဘဝရောက်ခဲ့ပါတယ်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ဖို့ အိန္ဒိယနိုင်ငံတစ်ဝန်း ပိတ်ဆို့မှုလုပ်လိုက်ချိန်မှာ ပန်ဂျပ်ရဲတပ်ဖွဲ့ဝင် အာဂျစ်ဆင်းမ်က လူဒီယာနာမြို့တစ်ဝိုက်မှာရှိတဲ့ ဆင်းရဲသားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အစားအသောက်နဲ့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းပေးခဲ့ပါတယ်။ လှူဒါန်းမှုပုံရိပ်တွေကို ဗီဒီယိုရိုက်ပြီး Tik Tok ပေါ်တင်ရာမှာ သူ့ချန်နယ်ကို ကြည့်ရှုအားပေးသူ ၈၀၀၀၀၀ ကျော် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လက ဗီဒီယိုတစ်ခုမှာ ဗန်ကာတီရှဝါလူရဲ့ပုံရိပ်ပါဝင်ခဲ့ပြီး ဒီဗီဒီယိုကို သူ့မိတ်ဆွေတစ်ယောက်က ကြည့်မိခဲ့ပါတယ်။ ဗန်ကာတီရှဝါလူကို မှတ်မိသွားတဲ့ သူ့မိတ်ဆွေက သူတို့မိသားစုကို အကြောင်းကြားခဲ့ပြီး ဗန်ကာတီရှဝါလူရဲ့ မိသားစုက လူဒီယာနာမြို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗန်ကာတီရှဝါလူနဲ့ သူ့မိသားစု ပြန်ဆုံစည်းခဲ့တာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top