လူ့အသက်သန်းချီ ကယ်တင်နိုင်စွမ်းရှိပြီး အာဟာရဓာတ်အများအပြား ပါဝင်တဲ့ မျိုးဗီဇပြုပြင်ထားသော ငှက်ပျိုးမျိုးစိတ် ဖန်တီးမှုအောင်မြင်

10.7.23-yyl-5.jpg

ဗီတာမင်အေ အပါအဝင် အာဟာရဓာတ် အများအပြား ပါဝင်တဲ့ မျိုးဗီဇပြုပြင်ထားသော ငှက်ပျောမျိုးစိတ် (superbanana) ကို နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့က ဖန်တီးနိုင်ခဲ့ပါပြီ။ ဗီဆာဟာရတစ်ပိုင်း အာဖရိကဒေသနဲ့ အရှေ့တောင်အာရှဒေသရဲ့ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေဟာ ဗီတာမင်အေ ချို့တဲ့မှုကို နှစ်ပေါင်းရာချီ ရင်ဆိုင်ခဲ့ရပြီး ကလေးငယ်တွေ ဖွံ့ဖြိုးကြီးထွားမှု နှောင့်နှေးတာ၊ အမြင်အာရုံ ချို့တဲ့စေတာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်ရောဂါ အစရှိတဲ့ ရောဂါပိုးတွေကို ခုခံနိုင်စွမ်း လျော့ကျစေတာမျိုး ကြုံတွေ့ခဲ့ရပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဗီတာမင်အေ ချို့တဲ့တဲ့ ကျောင်းမနေအရွယ် ကလေးငယ် သန်း ၁၉၀ အထိ ရှိနေပြီး အာဖရိကတိုက်တစ်ခုတည်းတင် ကလေးငယ်သေဆုံးမှုရဲ့ ၆ ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့မှုကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ခန့်မှန်းထားပါတယ်။

ယူဂန်ဒါနိုင်ငံဟာ အာဟာရချို့တဲ့မှု ရင်ဆိုင်ရတဲ့ အာဖရိကနိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်ပြီး အခုအခါမှာတော့ ဒီအခြေအနေကို ရင်ဆိုင်တွန်းလှန်ပေးနိုင်မယ့် ရင်းမြစ်တစ်ခု ဖြစ်လာဖို့ ရှိနေပါပြီ။ ယူဂန်ဒါနိုင်ငံ အမျိုးသားစိုက်ပျိုးရေးသုတေသနဓာတ်ခွဲဌာနမှ သုတေသီအဖွဲ့ဟာ သြစတြေးလျသိပ္ပံပညာရှင် ဂျိမ်းစ်ဒါလီ၊ ဘီလ်နဲ့ မီလင်ဒါဂိတ် ဖောင်ဒေးရှင်းတို့နဲ့ ပူးပေါင်းကာ အာဟာရချို့တဲ့မှုကို ရင်ဆိုင်တိုက်ဖျက်နိုင်မယ့် လိုအပ်အာဟာရဓာတ်မျိုးစုံ ပါဝင်တဲ့ မျိုးဗီဇပြုပြင်ထားသော ငှက်ပျောမျိုးစိတ်ကို ဖန်တီးနိုင်ခဲ့တာပါ။

Banana21 လို့ အမည်ပေးထားတဲ့ ဒီစီမံကိန်းကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဘီလ်နဲ့ မီလင်ဒါဂိတ်ဖောင်ဒေးရှင်းတစ်ခုတည်းကတင် အမေရိကန်ဒေါ်လာ ၁၁ သန်းအထိ ရင်းနှီးမတည်ပေးခဲ့တာပါ။ မအောင်မြင်မှုတွေ ထပ်ဖန်တလဲလဲ ကြုံခဲ့ပေမဲ့ ၁၈ နှစ်ကြာ ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ပြီးနောက်မှာတော့ မျိုးဗီဇပြုပြင်ထားသော ငှက်ပျောမျိုးစိတ်ကို ဖန်တီးနိုင်ခဲ့တာပါ။

ပုံမှန်အားဖြင့် ငှက်ပျောပင်တွေကို ရောဂါပိုးမွှား၊ မှိုနဲ့ မိုးခေါင်ရေရှားမှုဒဏ် ခံနိုင်အောင် မျိုးဗီဇပြုပြင်နိုင်လေ့ရှိပေမဲ့ Banana21 ကတော့ လူသားတွေအတွက် အာဟာရဓာတ် ဖြည့်စွက်ပေးဖို့ မျိုးဗီဇပြုပြင် ဖန်တီးခဲ့တာပါ။

National Geographic မဂ္ဂဇင်းရဲ့ ဖော်ပြမှုအရ မျိုးဗီဇပြုပြင်ထားသော ငှက်ပျောသီးကို စိုက်ပျိုးဖို့ အသင့်ဖြစ်နေပေမဲ့ ယူဂန်ဒါအစိုးရရဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရဆဲပါပဲ။ ယူဂန်ဒါနိုင်ငံမှာ မျိုးဗီဇပြုပြင်ထားတဲ့ သီးပင်စားပင်တွေကို မစိုက်ပျိုးဖို့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေ ရှိနေလို့ Banana21 မျိုးစိတ်ကို စိုက်ပျိုးဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ကင်ညာနိုင်ငံကလည်း မျိုးဗီဇပြုပြင်ထားတဲ့ သီးပင်စားပင်တွေ စိုက်ပျိုးမှုကို ဆယ်စုနှစ် တစ်ခုကြာအောင် ပိတ်ပင်ထားခဲ့ပေမဲ့ အခုအခါမှာတော့ အဲဒီကန့်သတ်ချက်ကို ဖယ်ရှားပေးခဲ့ပြီ ဖြစ်ပါတယ်။

Ref: Scientists Create ‘Superbanana’ That Could Save Millions of Lives

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top