ခါးနာတယ်ဆိုပြီး အလုပ်ကနေ လစာပြည့်ခွင့်ယူခဲ့ပေမဲ့ TikTok ပေါ်မှာ လှုပ်ရမ်းကတဲ့ ဗီဒီယိုတွေတင်ခဲ့လို့ အလုပ်ထုတ်ခံခဲ့ရသူ

21-12-2022-yyl-88.jpg

ခါးနာတယ်ဆိုပြီး အလုပ်ကနေ လစာပြည့်ခွင့်ယူခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ TikTok ပေါ်မှာ ခန္ဓာကိုယ် လှုပ်ရမ်းကတဲ့ ဗီဒီယိုတွေ တင်ခဲ့လို့ အလုပ်ထုတ်ခံခဲ့ရပြီး တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။

ပိုင်ဒက်လို့ အမည်ရတဲ့ စပိန်အမျိုးသမီးဟာ Lupa စူပါမားကတ်မှာ ငွေကိုင်အဖြစ် အလုပ်လုပ်သူပါ။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ခါးနာဝေဒနာ ဆိုးဆိုးရွားရွား ခံစားနေရတယ်ဆိုပြီး လစာပြည့် ခွင့်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ခွင့်ယူထားတဲ့ ကာလအတွင်း TikTok ပေါ် တင်ထားတဲ့ ဗီဒီယိုတွေမှာတော့ ခန္ဓာကိုယ် လှုပ်ရမ်းပြီး ကနေတာ တွေ့ရပါတယ်။ ဒီဗီဒီယိုကို ကုမ္ပဏီမန်နေဂျာက တွေ့သွားပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာတော့ သူ့ကို အလုပ်ထုတ်လိုက်ကြောင်း ကုမ္ပဏီက တရားဝင် အကြောင်းကြားခဲ့ပါတယ်။

ပိုင်ဒက်က အလုပ်ထုတ်ခံရပြီးနောက် ကုမ္ပဏီကို တရားစွဲခဲ့ပေမဲ့ ဘာဂို့စ်မြို့ လူမှုတရားရုံး ၂ က ကုမ္ပဏီကို အနိုင်ပေးခဲ့ပါတယ်။ ပိုင်ဒက်ဟာ ခါးနာတယ်ဆိုပြီး ခွင့်ယူထားတဲ့ ၈ လအတွင်း TikTok မှာ ကနေတဲ့ဗီဒီယို တော်တော်များများ တင်ခဲ့ပြီး ဗီဒီယိုထဲက လှုပ်ရှားမှုတွေအရ ခါးနာနေခြင်းမရှိဘူးလို့ သတ်မှတ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ပိုင်ဒက်က ဒီဆုံးဖြတ်ချက်ကို အထက်တရားရုံးမှာ အယူခံဝင်ခဲ့ပေမဲ့ အထက်တရားရုံးကလည်း ကုမ္ပဏီကိုပဲ အနိုင်ပေးခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက အဲဒီကုမ္ပဏီမှာ အလုပ်လုပ်လာခဲ့တဲ့ ပိုင်ဒက်ကတော့ လက်လျှော့ခြင်းမရှိသေးဘဲ အထက်တရားရုံးချုပ်အထိ အယူခံဝင်ဖို့ စဉ်းစားနေပါတယ်။

Ref: Woman Fired for Twerking on TikTok After Taking Paid Leave for Bad Back

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top