အသက်ရှင်ဖို့ အချိန် (၁) နှစ်ပဲ ရှိတယ်လို့ ဆရာဝန်တွေ ယူဆခဲ့တဲ့ အမျိုးသမီး တက္ကသိုလ်ကနေ ဘွဲ့ရခဲ့

22-7-2022-06.jpg

လောရာ နက်တ်တယ်

ဉီးနှောက်အကျိတ်ကင်ဆာရောဂါခံစားရပြီးနောက် အသက်ရှင်ဖို့ အချိန် (၁) နှစ်ပဲ ရှိခဲ့တဲ့ အမျိုးသမီးဟာ အခုနှစ်မှာ ဘွဲ့ရခဲ့ပါပြီ။ ၂၀၁၈ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ ဘရောဖို့ဒ်ရွာလေးက လောရာ နက်တ်တယ်ဟာ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးမှုလုပ်တဲ့အချိန် Glioblastoma Multiforme လို့ခေါ်တဲ့ ဦးနှောက်အကျိတ်ကင်ဆာရှိနေတယ်ဆိုတာ သိခဲ့ရပြီး ကျောင်းထွက်ခဲ့ရတာပါ။ အဲဒီအချိန်တုန်းက ဆရာဝန်ဟာ သူ့မှာ အကျိတ် (၈) ခု တွေ့ရပြီး အသက်ရှင်ဖို့ (၁) နှစ်လောက်ပဲ ရှိတော့တယ်လို့ ပြောခဲ့တာပါ။

ဒါပေမဲ့ လောရာက သူ့ကို ကင်ဆာရောဂါက အနိုင်မယူနိုင်အောင် အကောင်းဆုံးလုပ်ဖို့နဲ့ မသေခင် လုပ်ချင်တဲ့အရာတွေကို လုပ်ရင်း ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ သူက ကျန်ရှိနေတဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့ လုပ်ခဲ့ပါတယ်။ အကြီးဆုံးအကျိတ်ဖယ်ရှားဖို့ ဦးနှောက်ခွဲစိတ်မှုကို သတ္တိရှိရှိ ကျော်လွှားခဲ့တဲ့အပြင် ဓာတ်ရောင်ခြည်ကုထုံးနဲ့ ဓာတုကုထုံးတွေကိုလည်း ခံယူခဲ့ပါတယ်။

ကုထုံးမျိုးစုံခံယူနေရင်းနဲ့ ယခင် အမေရိကန်သမ္မတကတော် မစ်ရှဲလ် အိုဘားမားနဲ့တွေ့ဆုံတာ၊ ဟာသလူရွှင်တော် ပီတာ ကေးနဲ့ အရက်ဆိုင်သွားတာ အပါအဝင် သူလုပ်ချင်တဲ့အရာတွေကိုလည်း လုပ်ခဲ့ပါတယ်။ အဲဒီနောက် ကံကောင်းစွာနဲ့ သူ့မိသားစုက ဂျာမနီမှာ ရနိုင်တဲ့ ကုသနည်းအသစ်ကို ရှာတွေ့ခဲ့ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုနဲ့ လူမှုကွန်ယက်ပေါ်က လူတွေရဲ့လှူဒါန်းကူညီမှုနဲ့ လောရာက ကိုယ်ခံစွမ်းအားကုထုံးကို ခံယူနိုင်ခဲ့ပါတယ်။

မိသားစုနဲ့အတူ မြင်တွေ့ရတဲ့ လောရာ နက်တ်တယ်

(၆) ပတ် တစ်ခါ ဆေးကုသမှုခံယူဖို့ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ကို သွားရပေမဲ့ ကျန်းမာရေးအခြေအနေကောင်းတဲ့အတွက် ကျောင်းပြန်တက်နိုင်ခဲ့ပါတယ်။ လောရာက သူ့အိမ်နဲ့နီးတဲ့ မန်ချက်စတာတက္ကသိုလ်မှာ သူ့ရဲ့ပညာရေးကို ပြန်လည်စတင်ခဲ့ပါတယ်။ သူက နိုင်ငံရေး၊ ဒဿနိကဗေဒနဲ့ စီးပွားရေးဆိုင်ရာ ဘွဲ့တစ်ခုရဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ကပ်ရောဂါအတွင်း ခရီးသွားလာမှုကန့်သတ်ချက်တွေရှိတာကြောင့် ကိုယ်ခံစွမ်းအားကုထုံးခံယူရာမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဘဏ္ဍာရေးကုမ္ပဏီ Greensill က လောရာကို ကိုလုံးမြို့ကို သွားရောက်နိုင်ဖို့ သီးသန့်ဂျက်လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။

လောရာက ခဏခဏခရီးတွေထွက်တာ၊ ခွဲစိတ်ကုသမှုတွေခံယူတာ၊ The Brain Tumour Charity ရဲ့ သံတမန်အဖြစ် ဆောင်ရွက်တာတွေ လုပ်နေရပေမဲ့ ဇူလိုင်လ ၁၈ ရက်နေ့က တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါပြီ။ တက္ကသိုလ်က ထောက်ပံ့ပေးတဲ့အကူအညီတွေမပါဘဲ ဘွဲ့ရနိုင်မှာမဟုတ်ကြောင်း၊ တက္ကသိုလ်ပထမနှစ်တက်တဲ့အချိန်က ဘွဲ့ရအောင်ယူနိုင်ဖို့ မသေချာခဲ့ကြောင်း လောရာက ပြောပါတယ်။

“သမီးလေး အသက်ရှင်ဖို့က (၁) နှစ်ဝန်းကျင်ပဲ ရှိတယ်လို့ ပြောတော့ တက္္ကသိုလ်မတက်ဖြစ်တော့ဘူး။ အခုလို ဘွဲ့ရတာမြင်ရတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဓာတုကုထုံး၊ ခွဲစိတ်ကုသမှုနဲ့ ဆေးကုသမှုတွေ ခံယူရင်း ဘွဲ့ရဖို့ သမီးလေး ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ ကျွန်မ သိတယ်။ ဇွဲနပဲကြီးစွာ ကြိုးစားအားထုတ်မှုရဲ့ အောင်ပွဲအစစ်အမှန်ပါပဲ။ ကျွန်မတို့ သူ့အတွက် ဂုဏ်ယူလို့မဆုံးပါဘူး”လို့ လောရာရဲ့မိခင် နီကိုလာက ပြောပါတယ်။

အခုဆို လောရာက ပရဟိတအတွက် ရန်ပုံငွေရှာပေးတာနဲ့ ဦးနှောက်ကင်ဆာရောဂါအကြောင်းအသိပညာပေးတာတွေ ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ မကြာသေးခင်က သူဟာ Our Brain Bank ဆိုတဲ့ ပရဟိတအဖွဲ့အစည်းရဲ့ ဘုတ်အဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။

Ref: Upworthy “Woman given 12 months to live in 2018 graduates from university”

Team(ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top