အခက်အခဲဖြစ်နေတဲ့ ၁၂ နှစ်အရွယ် မသန်စွမ်းကောင်မလေးရဲ့မိခင်ဖြစ်သူကို ဒေါ်လာ ၂၀,၀၀၀ လှူဒါန်းတဲ့ ကိတ်ဝင်းစလက်

15-11-2022yyl09.jpg

တိုင်တန်းနစ်မင်းသမီး ကိတ်ဝင်းစလက်ဟာ အခုနှစ်ဆောင်းရာသီမှာ တဟုန်ထိုးတက်နေတဲ့ စွမ်းအင်ဈေးနှုန်းတွေကြောင့် အခက်အခဲဖြစ်နေတဲ့ ၁၂ နှစ်အရွယ် မသန်စွမ်းကောင်မလေးရဲ့မိခင်ဖြစ်သူကို ကူညီပေးနေပါတယ်။ အသက် ၄၇ နှစ်အရွယ် ကိတ်ဝင်းစလက်က ကာရိုလင် ဟန်တာဆိုတဲ့ အဲဒီအမျိုးသမီးကို ဒေါ်လာ ၂၀၀၀၀ လှူဒါန်းခဲ့တာပါ။

ကာရိုလင်ဟာ ဦးနှောက်အကြောသေရောဂါဖြစ်နေတဲ့ သမီးဖြစ်သူ ဖရီယာအတွက် မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကုန်ကျစရိတ်ကို ပေးဆောင်ဖို့ ရုန်းကန်နေရတယ်ဆိုတာကို ကိတ်ဝင်းစလက် သိသွားပြီးတဲ့နောက်မှာ အခုလိုလှူဒါန်းလိုက်တာပါ။ ကာရိုလင်က မင်းသမီး လှူဒါန်းတဲ့ ငွေအကြောင်းကြားတော့ မျက်ရည်တောင်ကျခဲ့ပြီး ဒါက အမှန်မဟုတ်ဘူးလို့တောင် တွေးမိခဲ့တာပါ။

ကာရိုလင်နဲ့ သူ့သမီးကြီးတို့ဟာ ကုန်ကျစရိတ်တွေကို တက်နိုင်သမျှနည်းအောင် ထိန်းထားရင်း ဖရီယားရဲ့ဆေးဘက်ဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ရပါတယ်။ ကာရိုလင်ရဲ့လျှပ်စစ်ဓာတ်အားကုန်ကျစရိတ်က အခုနှစ်မှာ ပေါင် ၁၇,၀၀၀ ဝန်းကျင်ဖြစ်လာနိုင်တယ်လို့ သူ့ရဲ့အိမ်ရာဌာနက ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ပိုက်ဆံကုန်သက်သာဖို့အတွက် အခန်းအများစုက အပူပေးစက်တွေကို ပိတ်ထားခဲ့ရတယ်။ သူတို့ရဲ့အိမ်မှာ စွမ်းအင်အသုံးပြုမှုကို လျှော့ချဖို့ နည်းလမ်းမရှိခဲ့ဘူးလို့ ကာရိုလင်က ပြောပါတယ်။ ဖရီယားရဲ့ကျန်းမာရေးစောင့်ရှောက်မှုက အထူးကြပ်မတ်ကုသဆောင်မှာထားရသလိုဖြစ်ပြီး အသက်ရှုပြဿနာတွေကြောင့် အောက်ဆီဂျင်ကို အားကိုးနေရတာဖြစ်ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က ကာရိုလင်ဟာ ဖရီယားရဲ့စောင့်ရှောက်မှုအတွက် အခက်အခဲဖြစ်နေတာကို ဖြေရှင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ GoFundMe ပေ့ချ်ကို ထောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၇ လအတွင်း လူသိရှင်ကြားကမ်ပိန်းလုပ်ခဲ့ပေမဲ့ ဗြိတိန်နဲ့ စကော့တလန်အစိုးရနှစ်ရပ်စလုံးက သူတို့မိသားစုကို ကူညီဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ကာရိုလင်က ပြောပါတယ်။

“မတ်လက တစ်လကို ပေါင် ၂၂၅ (ဒေါ်လာ ၂၆၅) ပေးနေရတယ်။ အဲဒီအတွက် ကျွန်မ ရုန်းကန်နေရတယ်။ ဧပြီလကစပြီး စွမ်းအင်ကုန်ကျစရိတ်အတွက် တစ်လကို ပေါင် ၄၀၀ (ဒေါ်လာ ၄၇၀) ပေးခဲ့ရတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ကျတော့ ပေါင် ၅၀၅ (၅၉၃ ဒေါ်လာ) ပေးဆောင်ခဲ့ရတယ်။ ကူညီပေးပါ။ ဖရီယားက ၃-၇ နာရီအတွင်း လျှပ်စစ်မီးနဲ့ လည်ပတ်ရတဲ့ စက်ကိရိယာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်ထားရပါတယ်။

ကျန်းမာရေးနဲ့လူမှုရေးစောင့်ရှောက်မှု၊ အစိုးရပြည်သူ့ကျန်းမာရေးက လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပါက ဖရီယားကို အိမ်မှာ ဘေးကင်းစွာထားဖို့ အရေးပေါ်အစီအမံကို မပံ့ပိုးပေးခဲ့ဘူး”လို့ GoFundMe မှာ ရေးသားခဲ့တာပါ။

Ref: People “Kate Winslet Donates $20,000 to Cover Energy Bill for 12-Year-Old Girl’s Medical Care”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top