ကမ္ဘာပေါ်မှာရှိတဲ့ သစ်ပင်မျိုးစိတ်က ထင်ထားတာထက် ၁၄ ရာခိုင်နှုန်း ပိုများ

30.1.2021yyl07.jpg

သိပ္ပံနည်းကျ စိတ်ချယုံကြည်ရတဲ့ ခန့်မှန်းမှုအရ ကမ္ဘာပေါ်မှာရှိတဲ့ သစ်ပင်မျိုးစိတ်ဟာ ထင်ထားတာထက် ၁၄ ရာခိုင်နှုန်း ပိုများတယ်လို့ သုတေသီတွေက ပြောပါတယ်။ သစ်ပင်မျိုးစိတ် ၇၃၃၀၀ ရှိမယ်လို့ ခန့်မှန်းထားပြီး ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ မျိုးစိတ် ၉၂၀၀ ကျန်ရှိနေပါသေးတယ်။

ဒါပေမဲ့ ရှားပါးမျိုးစိတ်အများစုဟာ အပူပိုင်းသစ်တောတွေထဲမှာ ရှိနေပြီး ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှုတွေကြောင့် အပူပိုင်းသစ်တောတွေကလည်း မြန်မြန်ဆန်ဆန် ပျောက်ကွယ်နေကြပါတယ်။ အဲဒီလေ့လာမှုဟာ ကမ္ဘာတစ်ဝန်းက သစ်တောကြိုးဝိုင်း ၁၀၀,၀၀၀ ကျော်မှာ ပေါက်ရောက်နေတဲ့ အပင်သန်းပေါင်းများစွာကို အခြေခံပြီး လေ့လာခဲ့တာပါ။ သုတေသီတွေဟာ စာရင်းအင်းဆိုင်ရာ နည်းပညာတွေကို အသုံးပြုပြီး သစ်ပင်မျိုးစိတ် အရေအတွက်ကို ခန့်မှန်းခဲ့ကြတာပါ။ အခုတွေ့ရှိမှုအရ အစားအစာ၊ သစ်သားနဲ့ ဆေးဝါးတွေ ထုတ်လုပ်ဖို့၊ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူပေးပြီး ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်နိုင်ဖို့ လိုအပ်တဲ့ သစ်ပင်တွေကို ကာကွယ်ပေးဖို့ ပိုမိုအားထုတ်လုပ်ဆောင်ပေးရမယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။

” အများဆုံး ခြိမ်းခြောက်ခံနေရတဲ့ ဇီဝမျိုးကွဲတွေကို ချင့်ချိန်သုံးသပ်ရာမှာ ဒီအချက်အလက်တွေက ကျွန်တော်တို့ကို ကူညီပေးနိုင်မှာပါ။ တောင်အမေရိက၊ အာဖရိက၊ အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်ရဲ့ အပူပိုင်းနဲ့ သမပိုင်းဒေသတွေဟာ ဖော်ထုတ်နိုင်ပြီးသား ရှားပါးမျိုးစိတ်တွေနဲ့ မဖော်ထုတ်နိုင်သေးတဲ့ ရှားပါးမျိုးစိတ်တွေ ပေါပေါများများရှိနေတဲ့ နေရာတွေ ဖြစ်ပါတယ်” လို့ မင်နီဆိုတာတက္ကသိုလ်ရဲ့ သုတေသီ ဒေါက်တာပီတာရိချ်က ပြောပါတယ်။

ရှားပါးမျိုးစိတ်တော်တော်များများကို လမုတောတွေထဲမှာ တွေ့ရှိရပါတယ်။ တောင်အမေရိကတိုက်ဟာ ပျောက်ဆုံးနေတဲ့ သစ်ပင်မျိုးစိတ်အများဆုံးရှိရာနေရာဖြစ်ပြီး သစ်ပင်မျိုးစိတ် ၄၃ ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ ယူရေးရှားဒေသမှာ (၂၂ ရာခိုင်နှုန်း)၊ အာဖရိကတိုက်မှာ (၁၆ ရာခိုင်နှုန်း)၊ မြောက်အမေရိကတိုက်မှာ (၁၅ ရာခိုင်နှုန်း)၊ သမုဒ္ဒရာပိုင်းဇုန်မှာ (၁၁ ရာခိုင်နှုန်း) ရှိနေတယ်လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

Ref: BBC “Earth has more tree species than we thought”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top